သတင်း
- - သတင်းတို
- - စီးပွားရေး
- - ရွေးကောက်ပွဲ
- - နိုင်ငံရေး
- - အင်တာဗျူး
- - မှုခင်း
- - ကျန်းမာရေး
- - ပညာရေး
- - အလုပ်သမား
- - သမိုင်း
- - ပေးစာ
- - စစ်ရှောင်
- - တိုက်ပွဲ
- - သဘာဝဘေး
စစ်ကိုင်းတိုင်း၊ ဆားလင်းကြီးမြို့နယ်ကနေ မုံရွာမြို့ပေါ်ကို ခြင်းခတ်သွားတဲ့လူငယ် ၂ ဦးကို စစ်ကောင်စီက ဖမ်းဆီးပေါ်တာဆွဲသွားတယ်လို့ မုံရွာမြို့ခံတွေက ပြောပါတယ်။
ဖမ်းဆီးခြင်းခံရတဲ့လူငယ် ၂ ဦးဟာ ဆားလင်းကြီးမြို့နယ်မှာ နေထိုင်ကြတာဖြစ်ပြီး မုံရွာမြို့က ဘုန်းတော်ကြီး ၁ ပါးရဲ့ မွေးနေ့ ပိုက်ကျော်ခြင်းပြိုင်ပွဲမှာ ခြင်းခတ်ရန်သွားရောက်စဉ် ဒီဇင်ဘာ ၁၀ ရက်က အဖမ်းခံခဲ့ရတာဖြစ်တယ်လို့ သိရပါတယ်။
"ဘုန်းကြီးမွေးနေ့ ဖိတ်ခေါ်ပွဲဆိုတော့ နောက်ရက်ပါ ဆက်ခတ်ရမှာမို့ မပြန်ဘဲ ဟော်တယ်သွားအိပ်တုန်း စစ်အုပ်စုက ပေါ်တာဆွဲတာပဲ။ အခုချိန်ထိတော့ ပြန်လည်လွတ်မြောက်လာတာ မရှိသေးဘူး" လို့ ဖမ်းဆီးခံရတဲ့ လူငယ် ၂ ဦးရဲ့ မိသားစုဝင်တွေနဲ့ နီးစပ်သူတဦးက မြေလတ်အသံကိုပြောပါတယ်။
အဲဒီလူငယ် ၂ ဦးဟာ ပိုက်ကျော်ခြင်းပြိုင်ပွဲသွားရောက်ရာမှာ နေ့ချင်းမပြန်နိုင်ဘဲ မုံရွာမြို့ ပေါ်က ရွှေတောင်တန်းဟော်တယ်မှာ တည်းခိုနေစဉ် ဖမ်းဆီးပေါ်တာဆွဲခံရတာလို့ ဆိုပါတယ်။
ပြီးခဲ့တဲ့ဩဂုတ်လတုန်းကလည်း မုံရွာမြို့ပေါ်မှာ စစ်ကောင်စီဟာ လူငယ်တွေကို ပေါ်တာဆွဲတာတွေလုပ်ခဲ့ပြီး တချို့လူငယ်ဟာ ငွေပေးနိုင်လို့ ပြန်လည်လွတ်မြောက်တာမျိုးရှိပေမယ့် အခု လူငယ် ၂ ဦးကတော့ လွတ်မြောက်လာတာ မရှိသေးဘူးလို့ မုံရွာမြို့ခံတွေက ဆိုပါတယ်။
စစ်ကောင်စီဟာ အခုလိုဖမ်းဆီးထားတဲ့လူငယ်တွေကို မုံရွာမြို့တော်ခန်းမနဲ့ အထွေထွေအုပ်ချုပ်ရေးရုံးမှာ ဖမ်းဆီးထားကြတယ်လို့ သိရပါတယ်။
ဒီဇင်ဘာလ ပထမပတ်အတွင်းမှ စတင်ကာမုံရွာမြို့ပေါ်မှာ စစ်ကောင်စီက နေ့ရောညပါ လူငယ်တွေကို ပေါ်တာဆွဲတာတွေပြုလုပ်နေပြီး မုံရွာ-မန္တလေးလမ်းပိုင်း ချောင်းဦးမြို့အထွက် စစ်ကောင်စီအထိုင်ချထားရာ ဂိတ်မှာလည်း ရန်ကုန်သွားတဲ့ အဝေးပြေးခရီးသည်တင်ကားပေါ်က လူငယ်တွေကို စစ်ကောင်စီက ပေါ်တာဆွဲနေတယ်လို့ သိရပါတယ်။
"ဒီဇင်ဘာ ၉ ရက်က စပြီးပေါ်တာဆွဲတာ။ ၁၁ ရက်နေ့အထိ လူငယ် ၂၀ ခန့် ပါသွားပြီ၊ ခရီးသွားဆိုတော့ ဘယ်နယ်ကလည်းတော့ မသိဘူး။ မုံရွာ-ရန်ကုန်သွားကားတွေပေါ်က လူငယ်တွေဆွဲခံနေကြရတယ်" လို့ ချောင်းဦးမြို့နယ် သတင်းနှင့်ပြန်ကြားရေးအဖွဲ့ဝင်တဦးကလည်း မြေလတ်အသံကို ပြောပါတယ်။
မုံရွာ-မန္တလေးလမ်းပိုင်းမှာ စစ်ကောင်စီက ခရီးသွားပြည်သူတွေကို လမ်းဆင်းလျှောက်ခိုင်းပြီး မိုင်းရှာခိုင်းတာ၊ ပိုက်ဆံတောင်းတာက လွဲပြီး အခုလို အတင်းအဓမ္မပေါ်တာဆွဲဖမ်းဆီးတာမျိုး မလုပ်ခဲ့ဘူးလို့ သိရပါတယ်။
ပုံစာ - ဆားလင်းကြီး-မုံရွာ ကို စက်လှေနဲ့ ကမ်းကူးသွားလာနေကြသူတွေကို တွေ့ရစဉ်။
သတင်း - သိုက်ထွန်း၊ စာတည်း - JCG
#မြေလတ်အသံ
#စစ်ကိုင်းတိုင်း #ဆားလင်းကြီး #မုံရွာမြို့ #ပေါ်တာဆွဲ
Share Share Share