မုံရွာက ကုန်စုံဆိုင်ဓားပြတိုက်ခံရ ဆိုင်ရှင်အမျိုးသားသေဆုံးပြီး အမျိုးသမီးဒဏ်ရာရ

မုံရွာက ကုန်စုံဆိုင်ဓားပြတိုက်ခံရ ဆိုင်ရှင်အမျိုးသားသေဆုံးပြီး အမျိုးသမီးဒဏ်ရာရ

စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့၊ အောင်ချမ်းသာရပ်ကွက် ဗဟိုလမ်းက ကုန်စုံဆိုင် ၁ ဆိုင် ဓားပြတိုက်ခံရပြီး ဆိုင်ရှင်အမျိုးသားဖြစ်သူ သေဆုံးကာ အမျိုးသမီးဖြစ်သူ ဒဏ်ရာရသွားတယ်လို့ သိရပါတယ်။

ဇန်နဝါရီလ ၂၀ ရက်နေ့ ည ၇ နာရီကျော်ခန့်မှာ ဗဟိုလမ်းရှိ ချမ်းမြေသုခကုန်စုံဆိုင်ကို လက်နက်ကိုင်ထားသူ လူတစုက ဓားပြဝင်တိုက်ခဲ့ရာ ဆိုင်ရှင်လင်မယားက ပြန်လည်ခုခံရမှာ ဓားပြအုပ်စုက ဓားနဲ့ခုတ်ခဲ့တာဖြစ်တယ်လို့ ဒေသခံတဦးကပြောပါတယ်။

"ဖြစ်တဲ့အချိန်မှာ မီးကလည်း ပျက်နေတယ်။ လာတာက ၅ ယောက်ထက်မနည်း ရှိမယ်။ သေနတ်အတု ၁ လက်ရယ် ဓားနဲ့စကေဘာတွေ ပါတယ်။ ဆိုင်ထဲဝင်လာပြီး သေနတ်အတုနဲ့ချိန် ဓားပြတိုက်တော့ ဆိုင်ရှင်အကိုက သေနတ်ကို တုတ်နဲ့ရိုက်ချလိုက်တာ သေနတ်က ကျကွဲသွားတဲ့အချိန် ဓားမြအုပ်စုက ဆိုင်ရှင်လင်မယားကို ဓားနဲ့ဝိုင်းခုတ်ကြတာ" လို့ ပြောပါတယ်။

ဆိုင်ရှင်လင်မယားက ပတ်ဝန်းကျင်ကို အော်ဟစ်အကူအညီတောင်းကာ ပြန်လည်ခုခံတာကြောင့် ဓားမြအဖွဲ့ဟာ မည်သည့်ပစ္စည်းကိုမှမရဘဲ ထွက်ပြေးသွားရတယ်လို့ ဆိုပါတယ်။

ဖြစ်စဉ်မှာ ဆိုင်ရှင်အမျိုးသားဖြစ်သူ ကိုစိုးရာဇာ ၃၃ နှစ်မှာ ရင်ဘတ်ထိုးသွင်း၊ လက်မောင်းပြတ်ရှ၊ နောက်ကျောပြတ်ရှဒဏ်ရာတွေရပြီး ဆေးရုံအရောက်မှာ သေဆုံးသွားတယ်လို့ သိရပါတယ်။

ဇနီးဖြစ်သူ မခင်ချမ်းမြေ့သိန်း ၃၁ မှာတော့ ဘယ်ဘက်ပါးပြတ်ရှ၊ ဘယ်ဘက်လက်ချောင်းပြတ်ရှဒဏ်ရာတွေရပြီး မုံရွာပြည်သူ့ဆေးရုံကို ပို့ထားရတယ်လို့ ဆိုပါတယ်။

ဓားပြတိုက်ခံရတဲ့ ဆိုင်ရှင်လင်မယားမှာ ၂ နှစ်ကျော်အရွယ် သမီးငယ် ၁ ဦးကျန်ခဲ့ပြီး အမျိုးသမီးဖြစ်သူမှာ သမီးငယ်ကို ကာကွယ်ချိန် ခုတ်ခံလိုက်ရတာဖြစ်တယ်လို့ သိရပါတယ်။

ဇန်နဝါရီလ ၂၁ ရက်နေ့ မနက်ပိုင်းထိ ဓားပြတိုက်သွားတဲ့အဖွဲ့ကို စစ်ကောင်စီဘက်က ဖမ်းဆီးရမိတာ မရှိသေးဘဲ ထွက်ပြေးလွတ်မြောက်နေတယ်လို့ သိရပါတယ်။

၂၀၂၂ ခုနှစ် စက်တင်ဘာလ ၁၁ ရက်နေ့က မုံရွာမြို့လယ်ခေါင်ရှိ သိန်းတရာရွှေဆိုင် ဓားပြတိုက်ခံရပြီး ကျပ်သိန်းပေါင်း သုံးသောင်းကျော် တန်ဖိုးရှိ ရွှေထည်တွေ ပါသွားတယ်လို့ သိရပါတယ်။

#မြေလတ်အသံ

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10