မုံရွာက အမျိုးသားတဦးကို စစ်ကောင်စီတပ်သားတွေ ပစ်သတ်

မုံရွာက အမျိုးသားတဦးကို စစ်ကောင်စီတပ်သားတွေ ပစ်သတ်

စစ်ကိုင်းတိုင်း၊ မုံရွာမြို့နယ်၊ ကြေးမုံကျေးရွာက အမျိုးသားတဦးကို အောက်တိုဘာ ၁၇ ရက်ညနေ ၄ နာရီကျော်မှာ သေနတ်နဲ့ပစ်သတ်ခဲ့တယ်လို့ ဒေသခံတော်လှန်ရေးတပ်ဖွဲ့တွေဆီက သိရပါတယ်။ 

အသတ်ခံရသူမှာ အသက် ၃၀ ကျော်အရွယ် ကိုနေမျိုးအောင်ဖြစ်ပြီး ကျေးရွာဘုန်းကြီးကျောင်းကို စက်ဘီးစီးသွားချိန် စစ်ကောင်စီတပ်နဲ့တွေ့ကာ ဖမ်းဆီးခံလိုက်ရပြီးနောက် ဦးခေါင်းကို ပစ်သတ်ခံခဲ့ရတာလို့ ဆိုပါတယ်။

"သူ့ကိုဖမ်းပြီးတော့ လမ်ပြသဘောမျိုးနဲ့ ခေါ်သွားတာ။ မုံရွေးရွာထဲအဝင်မှာ ပစ်သတ်လိုက်တာ"လို့ မုံရွာ PDF မှ ရဲဘော်တဦးက ပြောပါတယ်။

ဦးနေမျိုးအောင်ကိုသတ်သွားတဲ့ စစ်ကောင်စီတပ်သားတွေဟာ အင်အား ၃၀ ကျော်ရှိပြီး ကြေးမုံကျေးရွာနဲ့ ကားလမ်းမတခုသာခြားတဲ့ တောပုကျေးရွာမှာတပ်စွဲနေတဲ့ တပ်သားတွေ ဖြစ်တယ်လို့ အထက်ပါရဲဘော်က ပြောပါတယ်။

မနေ့ကနေ့လယ် ၃ နာရီလောက်မှာ အဆိုပါစစ်ကောင်စီတပ်သားတွေက ​တောပုကျေးရွာကနေ မြေနဲကျေးရွာဘက်ကိုသွားချိန် ကြေးမုံကျေးရွာအနီးမှာ ဒေသခံကာကွယ်ရေးတပ်ဖွဲ့တွေရဲ့ မိုင်းဆွဲတိုက်ခိုက်တာကို ခံခဲ့ရပါတယ်။ 

မိုင်းဆွဲခံရပြီးနောက် အဲ့ဒီ စစ်ကောင်စီတပ်သားတွေက ကြေးမုံကျေးရွာထဲကိုဝင်ချိန် ဦးနေမျိုးအောင်နဲ့လမ်းမှာတွေ့ပြီး ဖမ်းဆီးသတ်ဖြတ်ခဲ့တာလည်း ဖြစ်ပါတယ်။

တောပုရွာ၊ မုံရွေးရွာ၊ ကြေးမုံရွာတို့ဟာ မုံရွာမြို့နဲ့ ၁၀ မိုင်ခန့်အကွာ မန္တလေး-မုံရွာကားလမ်းမကြီး ဘေးမှာရှိပြီး တောပုရွာမှာတပ်စွဲနေတဲ့ စစ်ကောင်စီတပ်သားတွေက ကျေးရွာတွေထဲကို မကြာခဏ ဝင်ရောက်စီးနင်းလေ့ရှိတယ်လို့ ဒေသခံတွေက ပြောပါတယ်။

စာတည်း - လင်း 

#မြေလတ်အသံ
#စစ်ကိုင်း #မုံရွာ #ကြေးမုံ #စစ်ကောင်စီ #ဒေသခံသတ်ဖြတ် #သတင်း 

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10