မုံရွာ-ခန္တီးရေကြောင်းတလျှောက် စက်လှေ ၁ စီးကို ကောက်ခံငွေကျပ်သိန်း ၁၀၀ ကျော်ပေးရလို့ စက်လှေ ပြေးဆွဲမှုတချို့ ရပ်နား

မုံရွာ-ခန္တီးရေကြောင်းတလျှောက် စက်လှေ ၁ စီးကို ကောက်ခံငွေကျပ်သိန်း ၁၀၀ ကျော်ပေးရလို့ စက်လှေ ပြေးဆွဲမှုတချို့ ရပ်နား

စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့ကနေ ခန္တီးအထိ ချင်းတွင်းမြစ်ကြောင်းတလျှောက်သွားလာနေတဲ့ စက်လှေတွေဆီကနေ တော်လှန်ရေးတပ်ဖွဲ့တွေနဲ့ စစ်ကောင်စီစစ်ဆေးရေးဂိတ်တွေက ငွေကြေးတောင်းခံရာမှာ စက်လှေတစီးကို ပေးရတဲ့စုစုပေါင်းကုန်ကျစရိတ်ဟာ ကျပ်သိန်း ၁၀၀ ကျော်အထိ ရှိလာတာကြောင့် စက်လှေပိုင်ရှင်တွေ အခက်တွေ့ပြီး ရေယာဉ်ပြေးဆွဲမှု ရပ်နားတာတွေ လုပ်လာကြတယ်လို့ သိရပါတယ်။ 

၂၀၂၃ လောက်ကစပြီး မုံရွာ-ခန္တီးရေကြောင်းမှာ စစ်ကောင်စီနဲ့ တော်လှန်ရေးအဖွဲ့တွေရဲ့ ဂိတ်ပေါင်း ၁၀၀ နီးပါးထိရှိလာပြီး အခွန်အခခေါင်းစဥ်တပ်ပြီးပေးရတဲ့ ငွေကြေးများသလို စစ်ဆေးမှုလုပ်တယ်ဆိုပြီး ဂိတ်တွေမှာ လချီရပ်တန့်ခိုင်းတာတွေကြောင့်လည်း အခက်တွေ့နေကြရတယ်လို့ ဆိုပါတယ်။

"အာဏာမသိမ်းခင်က စစ်ဆေးရေးဂိတ်တွေက အဲ့လောက်မများသလို ငွေပေးရတာလည်းနည်းတယ်။ ရက် ၂၀ လောက်ဆို အစုန်အဆန်တခေါက်ရတယ်။ အခုက ငွေလည်းပေးရတာအလွန်အကျွံပဲ။ အဆန်တခေါက်တောင် အနည်းဆုံး လေးလကြာတယ်။ အစုန်အဆန်ဆို ခြောက်လပဲ" လို့ ကုန်တင်စက်လှေပိုင်ရှင်တဦးက ပြောပါတယ်။

အခွန်ခေါင်းစဉ်တပ် ငွေကြေကောက်ခံမှုတွေများလာသလို လမ်းခရီးကြန့်ကြာမှုတွေကြောင့် ကုန်ပစ္စည်းတွေ အချိန်မီမရောက်ဘဲ ပျက်စီးဆုံးရှုံးတာ၊ စိုက်လျော်ပေးရတာ စတဲ့ဆုံးရှုံးမှုတွေ ရှိလာတာကြောင့် ရေယာဉ် လိုင်းမဆွဲတော့ဘဲ စက်လှေရပ်နားလိုက်ရတဲ့ သူတွေလည်းရှိလာတယ်လို့ သိရပါတယ်။ 

မုံရွာ-ခန္တီးပြေးဆွဲနေတဲ့ ကုန်တင်စက်လှေပေါင်း ၅၀၀ နဲ့အထက်ရှိနေပြီး အခုအခါမှာ အခြေအနေအရပ်ရပ် ကြောင့် ရပ်နားလိုက်ရတာစက်လှေ ရာချီရှိလာတယ်လို့ သိရပါတယ်။

အဲဒီရေလမ်းကြောင်းမှာ ပြေးဆွဲနေတဲ့ စက်လှေတွေဟာ မုံရွာမြို့ကနေ ဆောက်လုပ်ရေးပစ္စည်းနဲ့ စားသောက် ကုန်တွေကို အဓိက သယ်ယူပို့ဆောင်ပေးနေတာဖြစ်ပြီး အရင်တုန်းက အဲဒီခရီးလမ်းတလျှောက်မှာ ပေးဆောင်ရတဲ့ ငွေကြေးပမာဏဟာ ကျပ် ၃ သိန်း၊ ၄ သိန်းခန့်သာရှိတယ်လို့ သိရပါတယ်။  

မုံရွာ-ခန္တီးမြစ်ကြောင်းတလျှောက်မှာ စစ်ကောင်စီစစ်ရေးဂိတ် ၄၀ ခန့်ရှိပြီး PDF ဂိတ်ပေါင်း ၆၀ ကျော်အထိရှိနေတယ်လို့ စက်လှေပိုင်ရှင်တွေက ပြောပါတယ်။ 

စစ်ကောင်စီစစ်ဆေးရေးဂိတ်တခုကို အနည်းဆုံး ကျပ် ၁၀,၀၀၀ မှ အများဆုံး ကျပ် ၅၀၀,၀၀၀ အထိပေးရ တာမျိုးရှိပြီး PDF စစ်ဆေးရေးဂိတ်တခုကို အနည်းဆုံး ကျပ် ၃၀,၀၀၀ မှ အများဆုံး ကျပ်သိန်း ၂၀ ထိပေးရတာမျိုးတွေလည်းရှိနေတယ်လို့ သိရပါတယ်။ 

ငွေတောင်းအများဆုံးနဲ့ စစ်ဆေးမှုအကြာဆုံးဂိတ်မှာ PDF တွေထိန်းချုပ်ထားတဲ့ ဟုမ္မလင်းမြို့နယ်၊ ရွှေပြည်အေးမြို့ စစ်ဆေးရေးအဖွဲ့ကဖြစ်ပြီး အဆိုပါစစ်ဆေးရေးဂိတ်မှာ စက်လှေတစီးအနည်းဆုံး ၁ လမှ ၂ လ အထိနဲ့ အကြာဆုံး ၃ လအထိ ရပ်နားစောင့်ဆိုင်းရတယ်လို့ ဆိုပါတယ်။

ဒါ့အပြင် ရွှေပြည်အေးဂိတ်ကနေ စက်သုံးဆီတွေနဲ့ ဘိလပ်မြေတွေကို သယ်ယူခွင့်မပေးဘဲ ကန့်သတ်ခံထားရပြီး သယ်လာတဲ့စက်လှေရှိပါကလည်း အဆိုပါဂိတ်မှာပင်ချထားခဲ့ပြီး ပေးတဲ့စျေးနဲ့ရောင်းချရတာတွေ ရှိနေတယ်လို့ သိရပါတယ်။

"လိုအပ်လို့ အခွန်အခကောက်တယ်ဆိုရင်လည်း ထိုက်သင့်သလောက်ကောက်။ ပြီးရင် ကုန်စည်ကို လွတ်လပ်စွာစီးဆင်းခွင့်ပေး။ အဲဒါဆို ပြည်သူက စျေးကြီးနေပေမယ့် ကုန်မပြတ်လပ်လို့ ခံသာသေးတယ်။ အခုက ဘက်ပေါင်းစုံကရစ်နေတော့ နောက်ဆုံးပြည်သူပဲခံရတယ်"လို့ ခန္တီးဒေသခံတဦးက ပြောပါတယ်။

လကိရှိမှာတော့ ခန္တီးမြို့နယ်မှာ ဘဲဥ တလုံး ၁၂၀၀ ကျပ်၊  ကြက်ဥ ၁၀၀၀ ကျပ်၊  ကန်စွန်းရွက် တစည်း ၇၀၀ ကျပ်၊ ချဥ်ပေါင်တစည်း ၁၀၀၀ ကျပ်၊ ဂေါ်ရခါးသီး ၃ လုံး ၅၀၀၀ ကျပ်၊  ခရမ်းချဥ်သီးတပိသာ ၄၀၀၀၀ ကျပ်၊  ကြက်သားတပိသာ ၅၀၀၀၀ ကျပ်၊ ဆန်ကြမ်းတအိတ် ၂၅၀၀၀၀ ကျပ်ခန့်၊ ဆန်ချောတအိတ် ၄၀၀၀၀၀ ကျပ်ခန့်၊ 92 တလီတာ ၁၅၀၀၀ ကျပ်၊ 95 တလီတာ ၁၈၀၀၀ ကျပ်၊ ဘိလပ်မြေတအိတ် ကျပ် ၅၀၀၀၀ ထိ စျေးပေးဝယ် ယူနေရတယ်လို့ သိရပါတယ်။

စာတည်း - လင်းဇေ

#မြေလတ်အသံ

#စစ်ကိုင်းတိုင်း #မုံရွာမြို့ #ခန္တီး #ချင်းတွင်း #စက်လှေ #စစ်ကောင်စီ #PDF 

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10