မုံရွာ-ချောင်းဦးလမ်းပိုင်းမှာ မိုင်းပေါက်ကွဲလို့ စစ်ကောင်စီတပ်သားတွေနဲ့ အရပ်သားတွေထိခိုက်မှုရှိ

မုံရွာ-ချောင်းဦးလမ်းပိုင်းမှာ မိုင်းပေါက်ကွဲလို့ စစ်ကောင်စီတပ်သားတွေနဲ့ အရပ်သားတွေထိခိုက်မှုရှိ

စစ်ကိုင်းတိုင်း၊ မုံရွာခရိုင်၊ ချောင်းဦးမြို့နယ်၊ ချောင်းဦး-မုံရွာလမ်းပိုင်းမှာ စစ်ကောင်စီတပ်ကားတစီးကို ဇွန်လ ၃၀ ရက် မနက် ၁၀ နာရီခန့်မှာ မိုင်းဆွဲတိုက်ခိုက်ခဲ့တယ်လို့ ချောင်းဦး PDF ကပြောပါတယ်။

 

ချောင်းဦးမြို့ကနေ နတ်ရေကန်ရွာအထိုင်စခန်းကို မောင်းနှင်လာတဲ့ စစ်အင်အား ၂၀ ကျော်ပါ စစ်ကောင်စီတပ်သုံး သံပြားကာကားကို မိုင်း ၃ လုံးဆွဲ တိုက်ခိုက်ခဲ့တာဖြစ်ပြီး  ကားပါပျက်စီးသွားခဲ့တယ်လို့ ဆိုပါတယ်။

 

" မိုင်းကွင်းတည့်တည့်ဝင်လာတဲ့အချိန်မှာ ခွဲလိုက်တာ။ ကားကနေရာမှာတင် ထိုးရပ်သွားတယ်။ မြေပြင်သတင်းတွေ ပြောပြချက်အရ ၈ ကောင်သေတယ်။ အရာရှိတကောင်ကတော့ ဒဏ်ရာပြင်းရသွားလို့ သူ့ကိုမုံရွာပို့လိုက်တယ်"လို့ ချောင်းဦး PDFမှ  ရဲဘော်တဦးက မြေလတ်အသံကို ပြောပါတယ်။

 

မိုင်းဆွဲခံရပြီးနောက် စစ်ကောင်စီတပ်သားတွေဘက်က ပစ်ခတ်မှုတွေပြုလုပ်ခဲ့လို့ ချောင်းဦးကနေ မုံရွာဘက်ကို မောင်းနှင်လာတဲ့ ခရီးသည်တင်ကား ၁ စီးထိမှန်ခဲ့တယ်လို့ ချောင်းဦးPDF ကဆိုပါတယ်။

 

ချောင်းဦးဒေသခံတွေရဲ့ ပြောဆိုချက်အရ ချောင်းဦးဘက်က နတ်ရေကန်ရွာဘက်ကိုလာတဲ့ သံပြားကာစစ်ကောင်စီကားတစီး မိုင်းဆွဲတိုက်ခိုက်ခံရချိန် စစ်ကားအနောက်ကနေ ကပ်လျက်လိုက်ပါလာတဲ့ ခရီးသည်တင်ကားတစီးပါ မိုင်းထိမှန်ခဲ့တာဖြစ်တယ်လို့ ဆိုပါတယ်။

 

"သူတို့အရှေ့က စစ်ကားပါလာတာ။ ခရီးသည်တင်ကားက အန်စာတုံး။ မန္တလေးက ဆေးကုပြီး ပြန်လာတဲ့အဖွဲ့တွေလည်း ကားပေါ်ပါတယ်။ ကားသီးသန့်မငှားတော့ဘဲ လိုင်းကားနဲ့ပြန်လာကြတာ။ ကားပေါ်မှာ ခရီးသည်က ၁၀ ဦးကျော်ပဲပါတယ်။ စစ်ကားမိုင်းဆွဲချိန် ရောပြီးထိသွားတာ။ သေတဲ့သူတော့မရှိဘူး။ ဒဏ်ရာရသွားကြတယ်” လို့ ဒေသခံတဦးက မြေလတ်အသံကို ပြောပါတယ်။

 

 

ခရီးသည်တင်ကားနဲ့ လိုက်ပါလာတဲ့သူတွေရဲ့ ရရှိဒဏ်ရာတွေဟာ ကျည်ဆံထိမှန်ဒဏ်ရာမဟုတ်ဘဲ မိုင်းစထိမှန်ဒဏ်ရာမျိုးဖြစ်တယ်လို့ ဒေသခံတွေနဲ့ ဒေသတွင်းကူညီကယ်ဆယ်ရေးအဖွဲ့တွေက ပြောဆိုပါတယ်။

 

ခရီးသည်တင်ယာဉ်လိုင်းဟာ ရွှေသလ္လာယာဉ်လိုင်းလို့ သိရှိရပြီး ထိခိုက်မှုတွေအတွက် အသေးစိတ်သိရှိနိုင်ရေး ရွှေသလ္လာယာဉ်လိုင်းကို မေးမြန်ခဲ့ပေမယ့် ဖြေကြားတာမျိုးမရှိခဲ့ပါဘူး။       

                         

ကျည်ထိမှန်သွားတဲ့ ကားနဲ့ခရီးသည်တွေကိုတော့ စစ်ကောင်စီတပ်သားတွေက နတ်ရေကန်အထိုင်စခန်းကို စစ်ကားတစီးနဲ့ ခေါ်တင်သွားတယ်လို့ PDF တွေဘက်က ပြောပါတယ်။ ထိခိုက်သေဆုံးသွားတဲ့ စစ်ကောင်စီတပ်သားတွေကို လူနာတင်ယာဉ်တွေနဲ့ ချောင်းဦး၊မုံရွာမြို့ဆေးရုံတွေကိုပို့ဆောင်ခဲ့ကာ   မိုင်းဆွဲခံရတဲ့ကားမှာ မောင်းနှင်မရအောင်ပျက်စီးသွားလို့ အဲ့ဒီနေ့ညနေပိုင်းမှာ စစ်ကောင်စီတပ်သား အင်အားအများအပြားက  နတ်ရေကန်စခန်းကို ကရိန်းနဲ့ ဆွဲယူသွားခဲ့ကြတယ်လို့ သိရပါတယ်။

 

စာတည်း - ရင်ငြိမ်း

 

#မြေလတ်အသံ

#စစ်ကိုင်း #ချောင်းဦး #စစ်ကောင်စီကား #မိုင်းဆွဲခံရ #စစ်ကောင်စီတပ် #ပစ်ခတ်မှု #အရပ်သား #PDF

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10