မုံရွာ-ချောင်းဦးလမ်းပိုင်းမှာ မိုင်း ၂ ကြိမ်ဆွဲခံရလို့ စစ်ကောင်စီတပ်သား ၁၀ ဦး သေဆုံးဟုဆို

မုံရွာ-ချောင်းဦးလမ်းပိုင်းမှာ မိုင်း ၂ ကြိမ်ဆွဲခံရလို့ စစ်ကောင်စီတပ်သား ၁၀ ဦး သေဆုံးဟုဆို

စစ်ကူသွားဖို့ထွက်လာတဲ့စစ်ကားကို မိုင်းဆွဲခဲ့ပြီးတဲ့နောက် မိုင်းလာရှင်းတဲ့ စစ်သားတွေကို ထပ်မံမိုင်းဆွဲခဲ့ရာမှာ စစ်သား ၁၀ ဦးသေဆုံးခဲ့တယ်လို့  မုံရွာခရိုင်တပ်ရင်း၄ အထူးကွန်မန်ဒိုတပ်ဖွဲ့ Monywa The Boys ဆီက သိရပါတယ်။

စက်တင်ဘာ ၁၉ ရက် မနေ့ နေ့လယ်ပိုင်းမှာ မုံရွာကနေ ချောင်းဦးကို စစ်ကူသွားတဲ့စစ်ကားကို မိုင်းဆွဲပြီးနောက် မိုင်းလာရှင်းတဲ့စစ်ကောင်စီတပ်သားတွေ မိုင်းကွင်းထဲရောက်ချိန်မှာ ထပ်မံမိုင်းဆွဲတိုက်ခိုက်ခဲ့တာလို့ မုံရွာခရိုင်တပ်ရင်း ၄၊ သတင်းနဲ့ပြန်ကြားရေးတာဝန်ခံ ကိုညိုသူ က ပြောပါတယ်။

" ဒီနေရာမှာ မိုင်းတွေဆွဲနေတယ်ဆိုပြီး မိုင်းရှင်းလင်းရေးဝင်တယ်။ စစ်ကား ၂ စီးနဲ့ လာတယ်ပေါ့။ အောက်ကိုဆင်းပြီး မိုင်းရှင်းလင်းရေးလုပ်တဲ့အချိန်မှ ကျနော်တို့က မိုင်းဆွဲခဲ့တာပေါ့။ အဲဒီအချိန် ထိလည်းထိတယ်။ သူတို့ဘက်ကရမ်းသမ်းပြီး ကျနော်တို့ရဲဘော်တွေကို လိုက်လည်းပစ်တယ်ဗျ။ ကျနော်တို့ရဲဘော်တွေ ဖိနပ်တောင်မပါခဲ့ဘူး။ ထွက်ပြေးခဲ့ရတာ။"လို့ ကိုညိုသူက ဆက်ပြောပါတယ်။

တပ်ကူသွားတဲ့ကားကို မိုင်းဆွဲတဲ့အချိန်မှာ အနည်းငယ်သာထိခိုက်ခဲ့ပေမယ့် မိုင်းရှင်းလင်းရေးလုပ်တဲ့ စစ်ကောင်စီတပ်သားတွေကတော့ အနည်းဆုံး ၁၀ ဦးသေပြီး ၃ ဦးဒဏ်ရာရကာ ဒဏ်ရာရသူတွေကို ချက်ချင်းခေါ်သွားပြီး မုံရွာမြို့ထဲပြန်ဝင်သွားတယ်လို့လည်း ဆိုပါတယ်။

"မိုင်းဆွဲတဲ့နားလေးကလေ မြို့နဲ့လည်းနီးတော့ အကုန်လုံးမြင်နေရတယ်။ ကျနော်တို့ကမျက်မြင်ပဲထုတ်ပြန်တာဗျ။ မျက်မမြင်ဘူးဆိုရင် သေဆုံးမှုစာရင်းကို ကျနော်တို့မထုတ်ပြန်ဘူး" လို့ ကိုညိုသူက ပြောပါတယ်။

ဒီတိုက်ခိုက်မှုကို မုံရွာခရိုင် ပြည်သူ့ကာကွယ်ရေးတပ်မတော် (Chindwin Attack Force) တပ်ရင်း ၄၊ မုံရွာခရိုင်ပြည်သူ့ကာကွယ်ရေးတပ်မတော် တပ်ရင်း ၄ အထူးကွန်မန်ဒိုတပ်ဖွဲ့ (Monywa The Boys)၊ မုံရွာခရိုင် ပြည်သူ့ကာကွယ်ရေးတပ်မတော်တပ်ရင်း ၄၊ တပ်ခွဲ ၂ Commando Force၊ Democratic Guerrilla Force (D.G.F)၊ ဘာမထီပြောက်ကျားတပ်ဖွဲ့၊ ယင်းမာပင်ခရိုင်တပ်ရင်း ၉ Idols Columအဖွဲ့တို့ ပူးပေါင်းတိုက်ခိုက်ခဲ့တာလို့ သိရပါတယ်။

ဓါတ်ပုံ - Monywa The Boys။ (ပုံဟောင်း)

စာတည်း - ဈာန်မြင့်

#မြေလတ်အသံ

#စစ်ကိုင်း #မုံရွာ #မိုင်းဆွဲ #တိုက်ခိုက် #သတင်း 

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10