မုံရွာထောင်က ထောင်ပိုင်နဲ့ ၀န်ထမ်းတချို့ ထုတ်ပယ်ခံရ၊ အစာငတ်ခံဆန္ဒပြခဲ့တဲ့ နိုင်/ကျဉ်းတွေကိုလည်း ထပ်တိုးပုဒ်မနဲ့တရားစွဲ

မုံရွာထောင်က ထောင်ပိုင်နဲ့ ၀န်ထမ်းတချို့ ထုတ်ပယ်ခံရ၊ အစာငတ်ခံဆန္ဒပြခဲ့တဲ့ နိုင်/ကျဉ်းတွေကိုလည်း ထပ်တိုးပုဒ်မနဲ့တရားစွဲ

စစ်ကိုင်းတိုင်း၊ မုံရွာအကျဉ်းထောင်က ထောင်ပိုင်နဲ့ ထောင်၀န်ထမ်းတချို့ကို စစ်ကောင်စီက ရာထူးမှထုတ်ပယ်ခဲ့သလို ထောင်တပ်ကြပ်တချို့ကိုလည်း ရာထူးလျှော့ချခဲ့တာတွေ အောက်တိုဘာလဒုတိယပတ်အတွင်းမှာ လုပ်ဆောင်ခဲ့တယ်လို့ မုံရွာအကျဉ်းဦးစီးအသိုင်းအဝိုင်းထံက သိရပါတယ်။

ပြီးခဲ့တဲ့ စက်တင်ဘာလအတွင်းက မုံရွာထောင်မှာ နိုင်ငံရေးအကျဉ်းသားတွေက အစာငတ်ခံဆန္ဒပြ တောင်းဆိုမှုအပေါ်  ထောင်ဝန်ထမ်းတွေက လိုက်လျောပေးခဲ့တယ်ဆိုကာ စစ်ကောင်စီက အခုလိုထုတ်ပယ်တာနဲ့ ရာထူးလျှော့ချတာတွေ ပြုလုပ်ခဲ့တာလို့ ဆိုပါတယ်။

"အခုဖြုတ်ခံရတဲ့ ထောင်ပိုင်နဲ့ ၀န်ထမ်းတွေက တောင်းဆိုသမျှကို လိုက်လျောတဲ့လူတွေမဟုတ်သလို သူတို့ကိုယ်ပိုင်ဆုံးဖြတ်ချက်ချပြီး တောင်းဆိုမှုကို လိုက်လျောပေးလို့ရတဲ့ အခြေအနေလည်း မဟုတ်ဘူး ။ အထက်အမိန့်အရ အကုန်လုပ်ရတာ"လို့ မုံရွာအကျဉ်းထောင်နဲ့နီးစပ်သူတဦးက မြေလတ်အသံကို ပြောပါတယ်။

ထုတ်ပယ်ခံရသူတွေဟာ မုံရွာထောင် ထောင်ပိုင်ကြီး ၀င်းမင်းလတ်၊ ထောင်ပိုင်လေး ၀င်းကျော်ဦး၊ အိပ်ဆောင်မှူး ကျော်မိုးနဲ့ ညွန့်၀င်း၊ တိုက်တာ၀န်ခံ တပ်သား အာကာကျော်တို့ ဖြစ်ပြီး ထောင်တပ်ကြပ် ၄ ဦး ကိုလည်း ရာထူးကနေ ၆ လတာ ယာယီတဆင့်လျှော့ချ ပြစ်ဒဏ်ချမှတ်ခဲ့တာလို့ သိရပါတယ်။

ဒါ့အပြင် စက်တင်ဘာလအတွင်းက မုံရွာထောင်မှာ အစာငတ်ခံဆန္ဒပြခဲ့တဲ့ နိုင်ငံရေးအကျဉ်းသား ၅၀ ကျော်ထဲက သပိတ်ခေါင်းဆောင် ကိုဝေမိုးနိုင်အပါအဝင် ၁၇ ဦးကိုလည်း ရုန်းရင်းဆန်ခတ်ဖြစ်စေမှု ပုဒ်မ ၁၄၇ နဲ့ ထပ်တိုးတရားစွဲဆိုထားတယ်လို့ ဆိုပါတယ်။

မုံရွာထောင်မှာ နိုင်/ကျဉ်းတွေရဲ့ ခွင့်ပြုထားတဲ့အခွင့်အရေးတွေကို ပိတ်ပင်ခဲ့တဲ့အတွက် စက်တင်ဘာ  ၈ ရက်က စတင်ကာ နိုင်ငံရေးအကျဉ်းသား ၅၀ ကျော်က အခွင့်အရေးများ ပြန်ခွင့်ပြုပေးရေး အစာငတ်ခံဆန္ဒပြတောင်းဆိုခဲ့ပြီးတဲ့နောက် ၅ ရက်အကြာ စက်တင်ဘာ ၁၃ ရက်မှာ ထောင်အာဏာပိုင်တွေနဲ့ နိုင်/ကျဉ်းတွေအကြား ညှိနှိုင်းမှုပြန်လည်အဆင်ပြေခဲ့တာလို့ သိရပါတယ်။

စာတည်း - ရင်ငြိမ်း

#မြေလတ်အသံ

#မုံရွာ #အကျဉ်းထောင် #ထောင်ဝန်ထမ်း #ထုတ်ပယ်ခံရ #နိုင်ကျဉ်း #အစာငတ်ခံ #ဆန္ဒပြ #သတင်း #မြေလတ်သတင်း

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10