မုံရွာထောင်က CDM နိုင်ကျဥ်းတွေကို Non-CDM ပြန်လုပ်ဖို့ ခြိမ်းခြောက်ဖိအားပေး

မုံရွာထောင်က CDM နိုင်ကျဥ်းတွေကို Non-CDM ပြန်လုပ်ဖို့ ခြိမ်းခြောက်ဖိအားပေး

စစ်ကိုင်းတိုင်း၊ မုံရွာမြို့ အကျဥ်းထောင်မှာ CDM ပြုလုပ်လို့ ဖမ်းဆီးထောင်ချခံထားရသူတွေကို စစ်ကောင်စီက Non-CDM ပြန်လုပ်ဖို့ ဖိအားပေးနေပြီး မိသားစုနဲ့ ချိန်းခြောက်တာတွေ လုပ်ဆောင်နေတယ်လို့ မြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးအကျဉ်းသားများကွန်ရက်- PPNM ကတဆင့် သိရပါတယ်။

ထောင်ကျနေတဲ့ စစ်သား၊ ရဲနဲ့ အကျဥ်းဦးစီးဝန်ထမ်းတွေကို စက်တင်ဘာ ဒုတိယပတ်ကစတင်ပြီး အဓိကဖိအားပေး လုပ်ဆောင်နေတာလို့ ဆိုပါတယ်။

“အသနားခံစာတင်ဖို့ CDM ကနေ ပယ်ဖျက်ပေးဖို့ အဲ့လိုတင်လိုက်ခြင်းအားဖြင့် မိသားစုနဲ့တူတူ နွေးနွေးထွေးထွေးနေရနိုင်တယ်ဆိုတဲ့ ရှုထောင့်ကနေ စည်းရုံးနေတယ်၊ လက်မခံတဲ့အခါမျိုးမှာတော့ မိသားစုကို ငဲ့ကွက်ဖို့ဆိုတဲ့ အကြောင်းပြချက်တွေနဲ့လည်း မိသားစုကိုခြိမ်းခြောက်တဲ့ ပုံစံမျိုးပြောခဲ့တာတွေရှိတယ်။”လို့ PPNM မှကိုသိုက်ထွန်းဦးက ပြောပါတယ်။

‌ထောင်အာဏာပိုင်တွေက နိုင်ငံရေးအကျဉ်းသား တဦးချင်းစီကို အကျဥ်းထောင်မှူးရုံးခန်းကို ခေါ်တွေ့ပြီး CDM အမည်စာရင်းကနေ ပယ်ဖျက်ခွင့်‌ပေးဖို့ ရေးသားထားတဲ့စာမှာ လက်မှတ်ထိုးခိုင်းသလို လက်မှတ်မထိုးတဲ့သူတွေကိုလည်း အသနားခံစာမတင်လိုကြောင်း လက်မှတ်ထိုးခိုင်းတယ်လို့ ဆိုပါတယ်။

“လက်ခံလိုက်ခြင်းအားဖြင့်လည်း လွတ်လွတ်လပ်လပ် နေရတာမဟုတ်ဘဲနဲ့ တာဝန်တွေမှာ ပြန်ထမ်းဆောင်ရတာမျိုးဟာ ထောင်ထဲမှာနေတာထပ်တောင်မှ အသက်သေဆုံးဖို့က ရာခိုင်နှုန်းပိုများတယ်၊ အဲ့အတွက်လည်း တချို့လည်း လက်မခံကြတာတော့ တွေ့ရတယ်။”လို့ သူကဆက်ပြောပါတယ်။

တဦးချင်းစီ ခေါ်ယူတွေ့ဆုံတာဖြစ်တဲ့အတွက် လက်မှတ်ထိုးခဲ့ရသူအရေအတွက် သိရဖို့ခက်ခဲပြီး လက်မှတ်ထိုးဖို့ ငြင်းဆန်ခဲ့သူတွေကို ထပ်တိုးပုဒ်မတွေတပ်ကာ ပြစ်ဒဏ်ချမှတ်မလားဆိုတာကို ဆက်လက်စောင့်ကြည့်နေဆဲဖြစ်တယ်လို့ ဆိုပါတယ်။

ပြီးခဲ့တဲ့ စက်တင်ဘာ ၂၁ ရက်ကလည်း မုံရွာမြို့ အကျဥ်းထောင်မှာရှိတဲ့ နိုင်ငံရေးအကျဥ်းသားတွေ အပါအဝင် အကျဥ်းသား ၁၀၀ ကျော်ကို ရေကြောင်းကတဆင့် လူသားဒိုင်းပြုလုပ်ကာ လက်နက်ခဲယမ်းသယ်တဲ့ စစ်သင်္ဘောတွေနဲ့ ထောင်ပြောင်းရွှေ့ခဲ့ရသေးတယ်လို့ သိရပါတယ်။

နိုင်ငံရေးအကျဥ်းသားများကူညီစောင့်ရေးအသင်း - AAPP ကတော့ စစ်အာဏာသိမ်းချိန်ကနေ ၂၀၂၄  အောက်တိုဘာ ၇ ရက်အထိ အာဏာသိမ်းဖြစ်စဥ်နဲ့ဆက်စပ်ပြီး ဖမ်းဆီးခံရသူ ၂၇,၅၁၇ ဦးရှိခဲ့ကာ အဲ့ဒီထဲက ၂၁,၀၂၁ ဦးက ထိန်းသိမ်းခံနေရဆဲဖြစ်ပြီး ၉,၄၈၄ ဦးက ထောင်ဒဏ်ချမှတ်ခံထားရတယ်လို့ ထုတ်ပြန်ထားပါတယ်။ 

စာတည်း - လင်း 

#မြေလတ်အသံ

#စစ်ကိုင်း #မုံရွာ #ထောင်ကျ #CDM #ဖိအားပေး #NonCDM

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10