မုံရွာထောင်တွင်း လှုပ်ရှားမှုဖြိုခွင်းခံရလို့ ၁ဦးသေ၅ဦးဒဏ်ရာရ

မုံရွာထောင်တွင်း လှုပ်ရှားမှုဖြိုခွင်းခံရလို့ ၁ဦးသေ၅ဦးဒဏ်ရာရ

စစ်ကိုင်းတိုင်း မုံရွာအကျဥ်းထောင်မှာ မနေ့က ထောင်တွင်းဖိနှိပ်ခံရမှုတွေကို မကျေနပ်လို့ နိုင်ငံရေးအကျဥ်းသားတွေ တောင်တွင်းလှုပ်ရှားမှုပြုလုပ်ခဲ့ချိန်မှာ စစ်ကောင်စီက ပစ်ခတ်ဖြိုခွင်းခဲ့လို့ အကျဥ်းသားတဦး သေဆုံးပြီး ၅ဦး ဒဏ်ရာရရှိခဲ့တယ်လို့ မုံရွာဒေသခံတဦးဆီက သိရပါတယ်။

ဧပြီလ ၃ရက်မနေ့က ညနေ ၅နာရီဝန်းကျင်လောက်ကစလို့ ဆူပူမှုဖြစ်နေခဲ့ပြီး အစပိုင်းမှာ သေနတ်ပစ်ဖောက်သတိပေးခဲ့ပေမယ့် ကြွေးကြော်သံတွေဟာ ပိုပြီး ဟိန်းထွက်လာခဲ့လို့ နောက်ထပ် မီးသတ်ကား၂စီး၊ စစ်ကားကြီး ၂စီးနဲ့ အိမ်စီးကားတွေ ဝင်သွားပြီးနောက်ပိုင်းမှာ သေနတ်သံ အချက် ၃၀ကျော် ထပ်ပြီးကြားခဲ့ရတယ်ဆိုတဲ့ အကြောင်းကို မုံရွာဒေသခံ ကိုအာကူးက ပြောပါတယ်။ 

"ထောင်ကမြို့လယ်ခေါင်မှာရှိတာဆိုတော့ တို့ပြည်သူတွေညီရဲ့လားဟေ့ဆိုတဲ့ အသံက ၁၅မိနစ်လောက်အထိ ဟိန်းထွက်သွားတယ်၊ အဲ့အချိန်မှာပဲ ရိုက်နှက်သံတွေ ဖြိုခွင်းသံတွေ အတိုင်းသားကြားရတယ်လို့ ကျနော်တို့သိရတယ်။အဲ့နောက်မှာ ၁ယောက်ကျတယ် ၅ယောက်ဒဏ်ရာရတယ်၊  ထောင်ကလည်း မီးနည်းနည်းလောင်သွားတယ်လို့ အကြမ်းဖျင်းသိထားတယ် ၊  ဓါတ်ပုံတွေအရကတော့ ဆုံးသွားတဲ့ တယောက်က ရင်ညွန့်ကို ထိသွားတာဗျ " လို့ ကိုအာကူးက ပြောပါတယ်။

 

ဒဏ်ရာရရှိသူတွေကတော့ ဖြိုခွင်းခံရချိန်ပစ်ခံရတဲ့ ရာဘာကျည်တို့ ဘက်ခွ( လောက်လေးခွ) ဒဏ်ရာတွေ ရရှိထားပြီး ၂ဦးကတော့ ဒဏ်ရာပြင်းထန်တယ်လို့ သိရပါတယ်။

" ၂ယောက်ပဲ အခြေအနေဆိုးတယ်ဗျ၊ အသက်ကြီးကြီး အဖိုးကြီးတယောက်ကတော့ ခြေထောက်တွေ ဒူးတွေထိသွားတယ်ဗျ၊ သွေးတွေရဲလို့၊ နောက်ညီလေးတယောက်ကတော့ လက်တွေနဲ့ တစ်ကိုယ်လုံးထိထားတယ်" လို့ ဆက်ပြောပါတယ်။

ဒဏ်ရာရတဲ့ သူတွေကို စစ်ဆေးရုံနဲ့ ထောင်တွင်းဆေးရုံတခုခုမှာ ဆေးကုပေးနေပေမယ့် သေဆုံးသွားသူကတော့ ဘယ်သူဘယ်ဝါဆိုတာ မသိရသေးသလို သင်္ဂြိုလ်လိုက်တယ်လို့လည်းသတင်းမရသေးဘူးလို့ ပြောပါတယ်။

ထောင်တွင်းက နိုင်ငံရေးအကျဥ်းသားတွေက ထောင်တွင်းမှာဖြစ်ပျက်နေတာကို အပြင်က ပြည်သူတွေကို သိစေချင်တာရယ် ဘယ်တော့မှ သွေးအေးမသွားဘူးဆိုတာ ပြသတဲ့ အနေနဲ့ အခုလို ထောင်တွင်းလှုပ်ရှားမှုတွေကို လုပ်နေတာဖြစ်တယ်လို့ ကိုအာကူးကပဲ ဆက်ပြောပါတယ်။ 

" ထောင်ထဲက ရဲဘော်တွေက အကြောင်းမဲ့ ပြုလုပ်တာမဟုတ်ဘူးဗျ၊ သူတို့ ထောင်ထဲမှာ ဖိနှိပ်ခံရမှု ရက်စက်မှုတွေကို မခံနိုင်တဲ့ အဆုံးမှာ ကြွေးကြော်သံနဲ့ အတူ ပြည်သူလူထုကို အသိပေးခြင်းဖြစ်တယ်၊ အပြင်ကပြည်သူတွေလည်း သွေးမအေးကြဖို့ လှုံ့ဆော်တယ်လို့ ကောက်ချက်ချတယ်၊ ဒါကလည်းရဲဘော်တွေရဲ့ စိတ်နဲ့ ကျနော်နဲ့ တသားတည်းကျမှာပါ" လို့ ပြောပါတယ်။

အဲ့ဒီလို ဖြစ်နေတဲ့ အချိန်မှာ ပြည်သူတွေကလည်း သတင်းတုသတင်းမှားတွေ မတင်ဖို့နဲ့ မယုံကြဖို့ နဲ့  မနေ့က ၄၀ မမနဲ့ ပစ်တယ်ဆိုတဲ့ သတင်းတွေက မဟုတ်ဘူးဆိုတဲ့ အကြောင်းအပြင် အဲ့တာတွေက ထောင်ထဲမှာရှိတဲ့ ရဲဘော်တွေရဲ့လုံခြုံရေးကို အများကြီး ထိခိုက်စေနိုင်တယ်လို့ ပြောပါတယ်။

မနေ့ကညပိုင်းမှာ ဖြိုခွင်းခံရမှုကို လက်တုံ့ပြန်တဲ့ အနေနဲ့ မုံရွာမြို့အနှံ့မှာ ပေါက်ကွဲသံတွေထွက်ပေါ်ခဲ့ပြီး လက်ရှိမှာတော့ မုံရွာအကျဥ်းထောင်မှာ စစ်တပ်က တပ်စွဲထားပါတယ်။

#မြေလတ်အသံ

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10