မုံရွာထောင်မှာ အစာငတ်ခံဆန္ဒပြနေတဲ့ နိုင်ငံရေးအကျဥ်းသားတွေနဲ့ အတူရပ်တည်ကြောင်း ကမ်ပိန်းတွေပြုလုပ်

မုံရွာထောင်မှာ အစာငတ်ခံဆန္ဒပြနေတဲ့ နိုင်ငံရေးအကျဥ်းသားတွေနဲ့ အတူရပ်တည်ကြောင်း ကမ်ပိန်းတွေပြုလုပ်

စစ်ကိုင်းတိုင်း၊ မုံရွာအကျဥ်းထောင်မှာ အစာငတ်ခံဆန္ဒပြနေကြတဲ့ နိုင်ငံရေးအကျဥ်းသား ၁၄ ဦးအပါအဝင် အကျဥ်းသားအကုန်လုံးနဲ့အတူ ရပ်တည်နေကြောင်း ကမ်ပိန်းပြုလုပ်ခဲ့ကြတယ်လို့ မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဉ်းသားများကွန်ရက်ထံက သိရပါတယ်။ 

ယနေ့ စက်တင်ဘာ ၁၁ ရက်မနက် ၈ နာရီမှာ နိုင်/ကျဥ်းဟောင်းတွေ၊ တော်လှန်ရေးရဲဘော်တွေ၊ သပိတ်အင်အားစုတွေနဲ့ ပြည်သူတွေက ပူးပေါင်းပြုလုပ်ခဲ့ကြတယ်လို့ ဆိုပါတယ်။

မုံရွာထောင်တွင်း အစာငတ်ခံဆန္ဒပြ တောင်းဆို‌နေကြတဲ့ နိုင်ငံရေးအကျဉ်းသားတွေနဲ့အတူ ရပ်တည်ကြောင်းနဲ့ အကျဉ်းထောင်တွင်း ဥပဒေမဲ့ဖိနှိပ်မှုတွေ၊ သတ်ဖြတ်မှုတွေကို အမြန်ဆုံးရပ်တန့်ရန်အတွက် "သံဖြတ်လွှ" ဓာတ်ပုံကမ်ပိန်းကို ပြုလုပ်ရတာဖြစ်တယ်လို့ ဆိုပါတယ်။

"ဓာတ်ပုံကမ်ပိန်းကိုတော့ မနက် ၈ နာရီကနေ တနိုင်ငံလုံးမှာရှိတဲ့ဟာတွေကို စုစည်းတယ်။ တချို့ ရဲဘော်တွေဆိုရင် အင်တာနက်အခက်အခဲကြားကနေ မနေ့ညနေကတည်းက ကမ်ပိန်းမှာပါဝင်ဖို့ဆိုပြီးတော့ ကြိုတင်ပြင်ဆင်ပြီးမှ ပို့ထားပေးတာပါ"လို့ မြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေး အကျဉ်းသားများကွန်ရက်မှ ကိုသိုက်ထွန်းဦးက ပြောပါတယ်။

အခုလိုကမ်ပိန်းမျိုးကို ယခင်ကပြုလုပ်ခဲ့ခြင်း မရှိခဲ့ပေမယ့် အခုအချိန်ကစပြီး နောက်လာမယ့် နေ့ရက်တွေမှာ တနိုင်ငံလုံးမှာရှိတဲ့ အကျဥ်းထောင်တွေက နိုင်ငံရေးအကျဥ်းသားတွေအနေနဲ့ မတရားမှုတွေကြုံလာတိုင်း တနိုင်ငံလုံးမှာရှိတဲ့ သပိတ်အင်အားစုတွေ၊ တော်လှန်ရေးရဲဘော်တွေ အပါအဝင် နိုင်/ကျဥ်းဟောင်းတွေက စုစုစည်းစည်းနဲ့ ကမ်းပိန်တွေ ဆက်လက်လုပ်ဆောင်သွားဖို့ရှိတယ်လို့ ကိုသိုက်ထွန်းဦးက ဆိုပါတယ်။

စစ်အာဏာသိမ်းပြီးနောက်ပိုင်း တနိုင်ငံလုံးမှာရှိကြတဲ့ အကျဥ်းထောင်တွေက ထောင်အာဏာပိုင်တွေဟာ အကျဥ်းသားတွေကို နာဇီက ဂျူး တွေကိုဆက်ဆံသလိုမျိုးပြုလုပ်နေတာ၊ ဖိနှိပ်တာ၊ သတ်ဖြတ်တာတွေကို ကျူးလွန်လာနေတာကြောင့် အရပ်ဘက်အဖွဲ့အစည်းတွေ၊ နိုင်ငံတကာအဖွဲ့အစည်းတွေ၊ ပြည်သူလူထုတွေက နိုင်ငံရေးအကျဥ်းသားတွေနဲ့အတူ ဝန်းရံပေးကြဖို့ကို မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဉ်းသားများကွန်ရက်က မေတ္တာရပ်ခံတိုက်တွန်း လိုက်ပါတယ်။

စက်တင်ဘာ ၈ ရက်ကစလို့ မုံရွာအကျဉ်းထောင်မှာ အကျဥ်းသားတွေ အစာငတ်ခံဆန္ဒပြတောင်းဆို‌နေတဲ့ အချက် ၃ ချက်ကတော့ (၁) အထူးရှာဖွေရေးကသိမ်းဆည်းသွားတဲ့ အကျဉ်းသားတွေ ပိုင်ပစ္စည်းတွေကို ပြန်လည်ပေးအပ်ရန်၊ (၂) ပြင်ပမှပေးပို့တဲ့ ထောင်ဝင်စာပါဆယ်တွေကို ကန့်သတ်ချုပ်ချယ်မူမရှိဘဲ လွတ်လပ်စွာပေးပို့ခွင့်ပြုရန်၊ (၃)အစာငတ်ခံဆန္ဒပြလျက်ရှိတဲ့ နိုင်/ကျဥ်းတွေရဲ့ကျန်းမာရေးဆိုင်ရာ ကိစ္စရပ်တွေကို အပြည့်အဝ တာဝန်ယူဖြေရှင်းပေးရန်တို့ ဖြစ်တယ်လို့ သိရပါတယ်။

စာတည်း - နွေဦးငြိမ်းချမ်း

#မြေလတ်အသံ

#သတင်း #လူထုလှုပ်ရှားမှု #နိုင်ငံရေးအကျဉ်းသား #အကျဉ်းထောင် #ညှင်းပန်းနှိပ်စက်မှု #အစာအငတ်ခံဆန္ဒပြ #မုံရွာအကျဉ်းထောင် #စစ်ကိုင်းတိုင်း

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10