မုံရွာထောင်မှာ နိုင်ငံရေးအကျဥ်းသားတွေ ခြေကျဉ်းခတ်ပြီး ရုံးထုတ်ခံနေရ

မုံရွာထောင်မှာ နိုင်ငံရေးအကျဥ်းသားတွေ ခြေကျဉ်းခတ်ပြီး ရုံးထုတ်ခံနေရ

စစ်ကိုင်းတိုင်း၊ မုံရွာမြို့က အကျဉ်းထောင်မှာ ဖမ်းဆီးခံထားရတဲ့ နိုင်ငံရေးအကျဉ်းသားတွေ နဲ့ တစ်မှုထက်ပိုတဲ့သူတွေကို ခြေကျဉ်းခတ်ပြီး ရုံးထုတ်နေတာတွေ ရှိနေတယ်လို့ ထောင်နဲ့ နီးစပ်သူတွေဆီက သိရပါတယ်။

ခြေကျဉ်းခတ်ခံရသူတွေဟာ တမှုထက်ပိုသူတွေနဲ့ အကျမှတ်ပုံတင်ပြီး ကျန်အမှုများ ဆက်ရင်ဆိုင်နေရသူတွေကို ထောင်တွင်းရုံးထုတ်ချိန်မှာ ခြေကျဉ်းခတ်ပြီး ရုံးထုတ်နေတာဖြစ်တယ်လို့ အကျဉ်းထောင် အရာရှိငယ်တဦးက ပြောပါတယ်။

" သက်ဆိုင်ရာ မြို့နယ် အသီးသီးကို သွားပြီးအမှုရင်ဆိုင်ရတာလည်း မဟုတ်ဘူး၊ ထောင်ဝန်းထဲမှာပဲ ယာယီတရားရုံးတွေနဲ့ စစ်ဆေးနေတာပဲ ၊ ခြေကျဉ်းခတ်စရာမလိုပါဘူး" လို့ အကျဉ်းထောင် အရာရှိငယ်တဦးက ပြောပါတယ်။

အခုလို ထောင်တွင်းရုံးထုတ်ချိန်မှာ နိုင်ငံရေးအကျဉ်းသားတွေကို ခြေကျဉ်းခတ်ပြီး ရုံးထုတ်ဖို့ အခုလအစမှာ ပြောင်းလာတဲ့ ထောင်မှူးကြီးက အမိန့်ထုတ်ခဲ့တာဖြစ်တယ်လို့ ထောင်နဲ့ နီးစပ်သူတဦးက ပြောပါတယ်။

" သံခြေကျဉ်းခတ်တယ်ဆိုတာ ရာဇဝတ်သားတွေ၊ ထောင်တွင်းပြစ်ဒဏ်ကျူးလွန်သူတွေကိုသာ ခတ်တာ၊ ပြီးခဲ့တဲ့ရက်က ချောင်းဦးမြို့နယ် သပိတ်ခေါင်းဆောင်ကို ခြေကျဉ်းခတ်တယ်၊ ဒါတွေမဖြစ်သင့်ဘူး၊ ဝန်ထမ်းတွေအပေါ် အကျဉ်းသားတွေ အမြင်စောင်းအောင် လုပ်နေသလိုပဲ " လို့ ထောင်ဝန်ထမ်းတဦးက ပြောပါတယ်။

ထောင်တွင်းရုံးထုတ်ရင် နိုင်ငံရေးအကျဉ်းသားတွေကို ခြေကျဉ်းခတ်ဖို့ အမိန့်ထုတ်ခဲ့တဲ့ ထောင်မှူးကြီး ကျော်ဝင်းဆိုသူဟာ အခုလ ဇွန် ၁ရက်မှာ ပြောင်းရွှေ့လာသူဖြစ်ပြီး ရက်ပိုင်းအတွင်း အဲ့ဒီအမိန့်ကို ချမှတ်ခဲ့တာကြောင့် ဝန်ထမ်းတွေကြားမှာ ဝေဖန်မှုတွေရှိနေတယ်လို့ လည်း သိရပါတယ်။

ပြီးခဲ့တဲ့ ဧပြီလ ၄ရက်ကလည်း ထောင်တွင်းဖိနှိပ်မှုတွေ မခံနိုင်လို့ ဆူပူမှုဖြစ်ခဲ့တာကြောင့် အကျဉ်းသားတဦး သေဆုံးပြီး ၅ဦးဒဏ်ရာရရှိခဲ့တဲ့ ဖြစ်စဥ်နောက်ပိုင်းမှာ ထောင်ဝင်စာတွေ့ခွင့်တွေကို တင်းကြပ်ထားသလို အခုလမှာတော့ ခြေကျဉ်းခတ်တဲ့ ကိစ္စတွေ ထပ်တိုးလာခဲ့တာဖြစ်ပါတယ်။

#မြေလတ်အသံ

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10