မုံရွာထောင်မှာ အစာအငတ်ခံဆန္ဒပြတဲ့ နိုင်ငံရေးအကျဉ်းသား ၅၀ ဦးထိရှိလာ (ရုပ်/သံ)

စစ်ကိုင်းတိုင်း၊ မုံရွာမြို့အကျဥ်းထောင်မှာ အကျဥ်းသားတွေ ဆေးကုသမှုမရရှိတာကြောင့် အစာငတ်ခံဆန္ဒပြနေကြတဲ့ နိုင်ငံရေးအကျဥ်းသား ၅၀ ဦးအထိရှိလာနေတယ်လို့ မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဥ်းသားများကွန်ရက်ထံက သိရပါတယ်။

စက်တင်ဘာ ၈ ရက်နေ့မှာ အစာငတ်ခံဆန္ဒပြကြတဲ့ နိုင်ငံရေးအကျဥ်းသား ၁၄ ဦးထဲက ၃ ဦးဟာ ၁၁ ရက်နေ့မှာ မူးလဲသွားတာကို ထောင်အာဏာပိုင်တွေဆီတင်ပြရာ ၎င်းတို့က အစာငတ်ခံဆန္ဒပြတဲ့ကိစ္စဟာ တရားဝင်ခွင့်ပြုထားတာမဟုတ်တာကြောင့် ဆေးကုသခွင့်မပေးခဲ့ဘူးလို့ သိရပါတယ်။

"ပထမအသုတ်ဆန္ဒပြသူတွေကို သီးသန့်ခွဲထားတဲ့ အဆောင်ကနေ ထောင်ပင်မကြီးထဲကို ပို့တဲ့အချိန်မှာ ၃ ယောက်က ကိုယ်ခံအားနည်းလို့ မူးလဲသွားတယ်။ အဲ့ ၃ ယောက်ထဲမှာ တယောက်က ဝင်းကျော်ခေါင်ပေါ့။ သူက ဦးဆောင်သူထဲမှာပါတယ်။ အဲ့ဒါကို ထောင်အာဏာပိုင်တွေက ဆေးကုမှုမပေးဘဲ ဒီအတိုင်းထားလို့ နောက်ထပ် အကျဥ်းသားတွေက ဆန္ဒပြတာ" လို့ မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဥ်းသားများကွန်ရက်မှ ကိုသိုက်ထွန်းဦးက ပြောပါတယ်။

အဲ့ဒီကိစ္စနဲ့ပတ်သက်လို့ စက်တင်ဘာ ၁၁ ရက်မှာ နောက်ထပ်နိုင်ငံရေးအကျဥ်းသား ၃၆ ဦးဟာ ဒုတိယအသုတ်အနေနဲ့ အစာငတ်ခံဆန္ဒပြနေကြတာကြောင့် စုစုပေါင်း ဆန္ဒပြသူ နိုင်ငံရေးအကျဥ်းသား ၅၀ ဦးအထိရှိလာနေတာ ဖြစ်တယ်လို့ ကိုသိုက်ထွန်းဦးက ပြောပါတယ်။

အထူးရှာဖွေရေးက သိမ်းဆည်းသွားတဲ့ အကျဉ်းသားပိုင်ပစ္စည်းတွေကို ပြန်လည်ပေးအပ်ရန်၊ ပြင်ပမှပေးပို့တဲ့ ထောင်ဝင်စာပါဆယ်တွေကို ကန့်သတ်ချုပ်ချယ်မှု မရှိဘဲ လွတ်လပ်စွာပေးပို့ခွင့်ပြုရန်နဲ့ အစာငတ်ခံဆန္ဒပြလျက်ရှိတဲ့ နိုင်/ကျဥ်းတွေရဲ့ကျန်းမာရေးဆိုင်ရာ ကိစ္စရပ်တွေကို အပြည့်အဝတာဝန်ယူဖြေရှင်းပေးရန်စတဲ့ အချက် ၃ ချက်တို့ကို အစာငတ်ခံဆန္ဒပြ တောင်းဆိုနေကြတာဖြစ်တယ်လို့ သိရပါတယ်။

မုံရွာထောင်တွင်း အစာငတ်ခံဆန္ဒပြ တောင်းဆို‌နေကြတဲ့ နိုင်ငံရေးအကျဉ်းသားတွေနဲ့အတူ ရပ်တည်ကြောင်းနဲ့ အကျဉ်းထောင်တွင်း ဥပဒေမဲ့ဖိနှိပ်မှုတွေ၊ သတ်ဖြတ်မှုတွေကို အမြန်ဆုံးရပ်တန့်ရန်အတွက် "သံဖြတ်လွှ" ဓာတ်ပုံကမ်ပိန်းကို စက်တင်ဘာ ၁၁ ရက်မနက်မှာ နိုင်/ကျဥ်းဟောင်းတွေ၊ တော်လှန်ရေးရဲဘော်တွေ၊ သပိတ်အင်အားစုတွေနဲ့ ပြည်သူတွေက ပူးပေါင်းပြုလုပ်ခဲ့ကြတယ်လို့ သိရပါတယ်။

တည်းဖြတ် - ဇို

#မြေလတ်အသံ

#သတင်း #မုံရွာအကျဉ်းထောင် #အစာငတ်ခံဆန္ဒပြ #အကျဉ်းသားအခွင့်အရေး #ထောင်အာဏာပိုင် #ကျန်းမာရေး #ဆေးကုသခွင့်မရ #စစ်ကောင်စီ

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10