သတင်း
- - သတင်းတို
- - စီးပွားရေး
- - ရွေးကောက်ပွဲ
- - နိုင်ငံရေး
- - အင်တာဗျူး
- - မှုခင်း
- - ကျန်းမာရေး
- - ပညာရေး
- - အလုပ်သမား
- - သမိုင်း
- - ပေးစာ
- - စစ်ရှောင်
- - တိုက်ပွဲ
- - သဘာဝဘေး
စစ်ကိုင်းတိုင်း၊ မုံရွာမြို့အကျဥ်းထောင်ကနေ ရွှေ့ပြောင်းခံလိုက်ရတဲ့ နိုင်ငံရေးအကျဥ်းသားတွေ မန္တလေးအိုးဘိုထောင်အရောက်မှာ ထောင်အာဏာပိုင်တွေရဲ့ ဝိုင်းဝန်ရိုက်နှက်တာကို ခံခဲ့ရတယ်လို့ မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဉ်းသားများကွန်ရက်ထံက သိရပါတယ်။
ပြီးခဲ့တဲ့သြဂုတ် ၁၅ ရက်က မုံရွာထောင်ကနေ ရွှေ့ပြောင်းခံရတဲ့ နိုင်ငံရေးအကျဥ်းသား ၉၀ ဦးနဲ့ အကျဥ်းသူ ၁၁ ဦး စုစုပေါင်း ၁၀၁ ဦးမှာ အိုးဘိုထောင်ကို သြဂုတ် ၁၆ရက် မနက် ၅ နာရီအချိန်အရောက်မှာ ရိုက်နှက်ခံခဲ့ရတာ ဖြစ်တယ်လို့ ဆိုပါတယ်။
"သူတို့ ပြောင်းရွှေ့လာတဲ့ကားတွေ လမ်းမှာ မိုင်းဆွဲခံရတဲ့ကိစ္စတွေရယ်၊ စကစဘက်ကတချို့ ကျသွားတာရယ် အဲ့ဒါတွေကို ဒေါသထွက်ပြီးတော့ ထောင်အာဏာပိုင်တွေက မင်းတို့ကြောင်းမို့ ဒီလိုဖြစ်တယ်လို့ပြောဆိုပြီး ဝင်လာသမျှ ကျား၊ မ မရွေးဘဲ ထောင်ဘူးဝထဲမှာပဲ ဝိုင်းပြီးရိုက်နှက်ကြတာ" လို့ မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဉ်းသားများကွန်ရက်မှ ကိုသိုက်ထွန်းဦးက ပြောပါတယ်။
ထောင်အာဏာပိုင်တွေက အခုလိုဝိုင်းဝန်း ရိုက်နှက်ခဲ့တာကြောင့် နိုင်/ကျဥ်းဦးရေ ၅၀ ခန့်မှာ ပေါက်ပြဲဒဏ်ရာ၊ ပွန်းပဲ့ဒဏ်ရာတွေ ရရှိခဲ့ပြီး အဲ့ဒီထဲကမှ ၅ ဦးဟာ ဒဏ်ရာပြင်းထန်းစွာရရှိခဲ့ကြတယ်လို့ ကိုသိုက်ထွန်းဦး ကပြောပါတယ်။
"ဖိနပ်နဲ့ ကန်ကျောက်တာ၊ နံပါတ်တုတ်နဲ့ ရိုက်တာ၊ ကျဥ်စက်နဲ့ထိုးပြီး နှိပ်စက်တာတွေကြောင့် ကျန်းမာရေးအရ မစိုးရိမ်ရပေမယ့် ဂုဏ်သိက္ခာပိုင်းအရတော့ နိုင်ကျဥ်းတွေကို တော်တော်လည်းဖိနှိပ်နေတယ် ဆိုတာကိုတော့ မြင်သာတာပေါ့" လို့ သူက ဆိုပါတယ်။
မုံရွာထောင်က နိုင်/ကျဥ်းတွေ အခုလိုရိုက်နှက်ခံရတာတွေကို သြဂုတ် ၁၆ ရက်နေ့မှာ အိုးဘိုထောင်ကပြန်လွတ်လာသူတွေရဲ့ ပြောပြချက်တွေ၊ ထောင်တွင်းတိကျတဲ့ သတင်းရင်းမြစ်တွေရဲ့ပြောပြချက်အရ အတည်ပြုနိုင်ခဲ့တာလို့ ကိုသိုက်ထွန်းဦးက ပြောပါတယ်။
မုံရွာက နိုင်/ကျဥ်းတွေကို စစ်ကောင်စီတပ်သားတွေက ပြီးခဲ့တဲ့ သြဂုတ် ၁၅ ရက်ညနေ ၅ နာရီကျော်မှာ အချုပ်ကားနဲ့မပြောင်းဘဲ မိုးကာတွေအုပ်မိုးထားတဲ့ ၁၂ ဘီးကုန်တင်ကားနဲ့ စစ်ကား ၅ စီးကိုအသုံးပြုကာ ပြောင်းရွှေ့ခဲ့ရာ ချောင်းဦးမြို့နယ်ထဲက မုံရွာ-မန္တလေးကားလမ်းမ တနေရာအရောက်မှာ မိုင်း ၂ ကြိမ်ဆွဲခံလိုက်ရတာကြောင့် နိုင်ငံရေးအကျဥ်းသား CDM ဆရာဝန် ဒေါက်တာ ဇော်ထွယ်အောင် သေဆုံးပြီး ၂၀ ဦးကျော် ဒဏ်ရာရရှိ ခဲ့ပါတယ်။
၂၀၂၃ ခုနှစ် မေလ နောက်ပိုင်းကစလို့ မန္တလေးအိုးဘိုအကျဉ်းထောင်ကို ပြောင်းရွှေ့ရောက်ရှိလာကြတဲ့ နိုင်ငံရေးအကျဉ်းသား၊ အကျဉ်းသူအကုန်လုံးနီးပါးကို ထောင်အာဏာပိုင်တွေက ဥပဒေမဲ့ ညှင်းပန်းနှိပ်စက်မှု ပြုလုပ်လျှက် ရှိနေတယ်လို့ သိရပါတယ်။
စာတည်း - နွေဦးငြိမ်းချမ်း
#မြေလတ်အသံ
#သတင်း #အကျဉ်းထောင် #နိုင်ငံရေးအကျဉ်းသား #အကျဉ်းသားအခွင့်အရေး #စစ်ကောင်စီ #ထောင်အာဏာပိုင် #နှိပ်စက် #မန္တလေးအိုးဘိုထောင် #စစ်ကိုင်းတိုင်း
Share Share Share