မုံရွာနည်းပညာတက္ကသိုလ် (GTC) ဂိတ်မှာ ကင်းစောင့်နေတဲ့ စစ်အုပ်စု ပစ်ခံရလို့ ၃ ဦးသေဆုံး (ရုပ်/သံ)

စစ်ကိုင်းတိုင်း၊ မုံရွာမြို့၊ နည်းပညာတက္ကသိုလ်(GTC) ဂိတ်က ကင်းသမားတွေကို PDF က သွားရောက်ပစ်ခတ်ရာ ထိခိုက်သေဆုံးမှု ရှိခဲ့တယ်လို့ Golden Eagle Force - Monywa အဖွဲ့ဆီက သိရပါတယ်။

ဇွန်လ ၁၄ ရက် မနေ့ကနေလယ် ၁ နာရီကျော်လောက်မှာ မုံရွာမြို့၊ နည်းပညာတက္ကသိုလ်(GTC) အတွင်းမှာ ရဲနဲ့ စစ်သားတွေက တပ်စွဲထားပြီး ဝင်ပေါက်ဂိတ် ဘန်ကာ ၂ ခုမှာ ကင်းစောင့်နေချိန် ကာကွယ်ရေးအဖွဲ့ ၅ ဖွဲ့ ပူးပေါင်းကာ ကား ၂ စီးနဲ့ သွားရောက်ပစ်ခတ်ခဲ့ကြတာပါ။

"ကျနော်တို့ ၁ နာရီ ၅ မိနစ်ဝန်းကျင်မှာစတင်ပစ်ခတ်ခဲ့တာပါ၊ ပစ်ခတ်တိုက်ခိုက်အချိန်က ၆ မိနစ်လောက် ကြာပါတယ်၊ ကျနော်တို့သိရသလောက် ဘန်ကာထဲက ၄ ကောင်မှာ ၃ ကောင်ကတော့ နေရာမှာတင် သေဆုံးသွားတယ်၊ ၁ ကောင်ကတော့ ဘန်ကာထဲမှာဝပ်ပြီးတော့ ရမ်းပစ်တာဖြစ်တဲ့အတွက် သူက မသေဘူး"လို့ Golden Eagle Force - Monywa မှ ဗိုလ်လင်းယုန်က ပြောပါတယ်။

တိုက်ခိုက်မှုမှာ စစ်ကောင်စီဘက်က ၃ ဦး  သေဆုံးပြီး ၁ ဦး ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ သိရပေမယ့် အသေးစိတ်ကို အတည်ပြုစုံစမ်းနေဆဲ ဖြစ်ပါတယ်။ 

အခင်းဖြစ်ပြီးနောက် အဲ့ဒီနားပတ်ဝန်းကျင်မှာ စစ်ကောင်စီတပ်သားတွေက ဆဲဆိုနေပြီး လမ်းသွားလမ်းလာတွေကို စစ်ဆေးတာတွေလုပ်နေတယ်လို့ သိရပါတယ်။

ဒီတိုက်ခိုက်မှုကို Golden Eagle Force - Monywa၊ Red Star Front - ကြယ်နီတပ်ဦး (PLA)၊ ပုဏ္ဏက ပြောက်ကျားတပ်ဖွဲ့၊ God of Monywa People Defence Force၊ တောကျွဲကြီး ပြောက်ကျားတပ်ဖွဲ့တို့က ပူးပေါင်းလုပ်ဆောင်ခဲ့တာ ဖြစ်ပါတယ်။

 

တည်းဖြတ် - ငြိမ်းဇော်

 

#မြေလတ်အသံ

#မုံရွာ #နည်းပညာတက္ကသိုလ်(GTC) #ပစ်ခတ်ခံရ #စစ်သား #ရဲ #PDF

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10