မုံရွာ နမခ ဝန်းထဲကို လက်နက်ကြီးနဲ့ပစ်ခတ်၊ လစရ ၆ နဲ့ စအရ ၉၀၉ တပ်တွေအနီးကျလို့ သေဆုံးမှုရှိနိုင်

မုံရွာ နမခ ဝန်းထဲကို လက်နက်ကြီးနဲ့ပစ်ခတ်၊ လစရ ၆ နဲ့ စအရ ၉၀၉ တပ်တွေအနီးကျလို့ သေဆုံးမှုရှိနိုင်

စစ်ကိုင်းတိုင်း၊ မုံရွာအခြေစိုက် အနောက်မြောက်တိုင်းစစ်ဌာနချုပ် တပ်တွင်းထဲကို ၆၀ မမ လက်နက်ကြီးတွေနဲ့ ဇူလိုင်လ ၃ ရက်ညပိုင်းမှာ ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ Myanmar's Royal Dragon Army-MRDA အဖွဲ့ဆီက သိရပါတယ်။ 

 

ည ၈ နာရီ ၄၀ မိနစ်ခန့်မှာ မုံရွာ နမခစစ်တိုင်းဝန်းအတွင်းရှိ ်အမှတ် ၆ လျှပ်စစ်နဲ့စက်မှုအင်ဂျင်နီယာတပ်ရင်း(လစရ ၆) နဲ့ အမှတ် ၉၀၉ စစ်မြေပြင်အင်ဂျင်နီယာတပ်ရင်း (စအရ ၉၀၉) တပ်တွေအနီး စစ်ကောင်စီတပ်သားတွေ စုဝေးရာနေရာကို ပစ်ခတ်တိုက်ခိုက်ခဲ့တာဖြစ်ပြီး လက်နက်ကြီးကျရောက်ပေါက်ကွဲမှုကြောင့် ထိခိုက်သေဆုံးမှုတွေရှိနိုင်တယ်လို့လည်း ဆိုပါတယ်။

 

“ပစ်မှတ်နေရာကိုရောက်မှ ကျ‌နော်တို့ ၆၀ မမ တွေနဲ့ပစ်တာ၊ သူတို့နေတဲ့နေရာကို တည့်တည့်မတ်မတ် ကျသွားတယ်၊ သူတို့ဘက်က လက်နက်ကြီးတွေနဲ့ ပြန်ပစ်တယ်၊ ကျနော်တို့ အနားတော့ကျတယ်၊ မကွဲဘူး၊ သူတို့ဘက်က ဂန်းငယ်တွေနဲ့ပစ်တာကြောင့် ကျနော်တို့ပြန်ဆုတ်ခဲ့တယ်”လို့ Myanmar's Royal Dragon Army-MRDA တပ်ခွဲမှူး ဗိုလ်စေတန်က ပြောပါတယ်။

 

အဲ့ဒီတပ်အတွင်း ခုလိုတိုက်ခိုက်ဖို့အတွက် အချိန် ၂ ရက်ယူခဲ့ပြီး တပ်တွင်းသတင်းပေးတွေရဲ့ ပြောပြချက်အရ တပ်သား ၃ ဦးသေဆုံးခဲ့တယ်ဆိုပေမယ့် မြေလတ်အသံက သီးခြားအတည်ပြုနိုင်ခြင်း မရှိသေးပါဘူး။ 

 

“ပစ်ခတ်သေဆုံးမှုနဲ့ ပတ်သက်ပြီး အတွင်းဖရဲသီးပြောပြချက်အရ ၃ ဦးသေသွားပြီး ဒဏ်ရာရသူလည်း များတယ်၊ မုံရွာ နမခ ထဲမှာက အင်အား ၅၀၀ လောက်ရှိတယ်၊ တိုက်ပွဲဖြစ်တဲ့ညက နမခ ထဲက ရမ်းသမ်းပစ်ခတ်တာကြောင့် အနီးအနားရွာတွေက ဒေသခံတွေ ထွက်ပြေးနေရတယ်” လို့ ဗိုလ်စေတန်က ဆက်ပြောပါတယ်။ 

 

ဒီတိုက်ခိုက်မှုကို Myanmar's Royal Dragon Army-MRDA စေတန် အဖွဲ့က ဦဆောင်ပြီး၊ MRDA စေတန်၊ Royal Tiger တို့က ပူးပေါင်းလုပ်ဆောင်ခဲ့တာပါ။ 

 

ပြီးခဲ့တဲ့ ဇွန်လ ၂၉ ရက်ကလည်း ခင်ဦးမြို့လယ်မှာ တပ်စွဲထားတဲ့ မင်းသိုက်ထွန်းစခန်းကို Myanmar's Royal Dragon Army-MRDA အဖွဲ့က လက်နက်ကြီးတွေနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့သေးတယ်လို့ သိရပါတယ်။

 

စာတည်း - လင်း 

 

#မြေလတ်အသံ

#စစ်ကိုင်း #မုံရွာ #နမခ #PDF #လက်နက်ကြီး #ပစ်ခတ် #သေဆုံးမှုရှိ

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10