မုံရွာပလဖစခန်းခွဲစီးနင်းခံရမှု ရဲဘော် ၁ ဦးသေဆုံး၊ အချုပ်သား ၆ ဦးလွတ်မြောက်ကာ ကျပ်သိန်း ၄,၀၀၀ နီးပါးဆုံးရှုံးခဲ့ဟုဆို

မုံရွာပလဖစခန်းခွဲစီးနင်းခံရမှု ရဲဘော် ၁ ဦးသေဆုံး၊ အချုပ်သား ၆ ဦးလွတ်မြောက်ကာ ကျပ်သိန်း ၄,၀၀၀ နီးပါးဆုံးရှုံးခဲ့ဟုဆို

စစ်ကိုင်းတိုင်း၊ မုံရွာမြို့နယ်၊ ညောင်ပင်ရွာသစ်အနီးရှိ မုံရွာမြို့နယ်ပြည်သူ့လုံခြုံရေးတပ်ဖွဲ့စခန်းခွဲ ၁ ခု တိုက်ခိုက်ခံရပြီး ရဲဘော် ၁ ဦးသေဆုံးကာ ကျပ်သိန်း ၄၀၀၀ နီးပါးဆုံးရှုံးသွားတယ်လို့ မုံရွာမြို့နယ်ပလဖခေါင်းဆောင်က ပြောပါတယ်။

ဒီဇင်ဘာ ၂၉ ရက် မနေ့မနက် ၃နာရီခွဲဝန်းကျင်မှာ မုံရွာမြို့ကလာတဲ့ စစ်ကြောင်းနဲ့ တောင်မတောရွာဘက်ကလာတဲ့စစ်ကြောင်း ၂ ခုပေါင်း အင်အား ၇၀ ခန့်ဟာ ညောင်ပင်ရွာသစ်အနီးရှိ ပလဖစခန်းခွဲတခုကို ဝင်ရောက်တိုက်ခိုက်ရာမှ နှစ်ဖက်တိုက်ပွဲဖြစ်ပွားခဲ့တာလို့ ဆိုပါတယ်။

" ပထမ သတင်းရတာက စကစ စစ်ကြောင်းက အခြားတနေရာကိုရောက်သွားပြီလို့ သတင်းရတာ။ အခြားနေရာကို အယောင်ပြပြီး ဝေလီဝေလင်းအချိန်မှာ စခန်းဘက်ကို ကပ်လာတာ။ ကျနော်တို့ဘက်က ကင်းရှည်ထုတ်ထားတဲ့ ကင်းသမားနဲ့တွေ့ပြီး ပစ်ခတ်မှုအရင်ဖြစ်တယ်”  လို့ မုံရွာမြို့နယ်ပလဖခေါင်းဆောင် ကိုအာဂုက မြေလတ်အသံကို ပြောပါတယ်။ 

စစ်ကောင်စီဘက်က ပလဖစခန်းကို လက်နက်ကြီးတွေနဲ့ ဆက်တိုက်ဆိုသလို အလွန်အကျွံအသုံးပြုပစ်ခတ်ဝင်လာတာကြောင့် စခန်းရှိရဲဘော်တွေက လက်နက်အင်အားမမျှလို့ ခေတ္တဆုတ်ပေးခဲ့ရတယ်လို့ ဆိုပါတယ်။

တိုက်ပွဲအတွင်းမှာ စစ်ကောင်စီတပ်သား ၂ ဦးထက်မနည်း သေဆုံးနိုင်ပြီး ပလဖမှ အသက် ၁၉ နှစ်အရွယ် ရဲဘော် ၁ ဦးသေဆုံးခဲ့သလို ပြစ်မှုကျူးလွန်ထားလို့စခန်းမှာချုပ်ထားတဲ့ အချုပ်သား ၆ ဦးလည်း စစ်ကောင်စီဘက်က ခေါ်ထုတ်သွားလို့ လွတ်မြောက်သွားတယ်လို့ ဆိုပါတယ်။

စခန်းသိမ်းခံရမှုအတွင်း စခန်းအတွင်းအသုံးပြုနေတဲ့ ကားမျိုးစုံ ၇ စီး၊ ငွေကျပ်သိန်း ၇၀၀ ခန့်၊ RPG အပါအဝင်သေနတ်မျိုးစုံ ၇ လက်ခန့်၊ ကျည်ဆံ ၅၀၀၀ ကျော်၊ ဆန်အိတ်တွေနဲ့ စားနပ်ရိက္ခာတွေအပြင် ယူနီဖောင်းတွေနဲ့ဆက်စပ်စ္စည်း စုစုပေါင်းကာလတန်ဖိုး ကျပ်သိန်း ၄၀၀၀ ခန့် ဆုံးရှုံးသွားတယ်လို့ ပလဖ ခေါင်းဆောင်က ပြောပါတယ်။ 

“ စကစတယ်လီဂရမ်မှာပြထားတဲ့ လက်နက်၊ခဲယမ်းပစ္စည်းတွေက ကျနော်တို့စခန်းကပစ္စည်းတွေဆိုတာ အတည်ပြုလို့ရပါတယ်။ ငွေသားတွေကိုတော့ သူတို့ထုတ်မပြထားဘူး “ လို့ ပြောပါတယ်။

တိုက်ပွဲဖြစ်ပြီးနောက် မနက် ၆ နာရီခန့်မှာ မိတ်ဖက်အဖွဲ့ဝင်တွေနဲ့အင်အားစုပြီး စစ်ကောင်စီတွေစီးနင်းနေတဲ့စခန်းနေရာကို ပြန်သိမ်းပိုက်ဖို့ပြင်ဆင်နေစဉ် လေယာဥ်ပစ်ကူနဲ့ လာရောက်ပစ်ခတ်ခဲ့လို့ စခန်းကိုပြန်မသိမ်းနိုင်ဘဲ စစ်ကောင်စီအဖွဲ့က စခန်းအတွင်းကပစ္စည်းတွေနဲ့ အချုပ်သားတွေကို ခေါ်ဆောင်ပြီး ပြန်ဆုတ်သွားခဲ့တာလို့ သိရပါတယ်။

တိုက်ပွဲကြောင့် တောင်မတောရွာနဲ့ ညောင်ပင်ရွာသစ်ရှိ ပြည်သူ ၅၀၀ ကျော်ဟာ ဘေးလွတ်ရာကို ထွက်ပြေးတိမ်းရှောင်နေကြရတယ်လို့ သိရပါတယ်။

စာတည်း - ရင်ငြိမ်း

#မြေလတ်အသံ

#စစ်ကိုင်း #မုံရွာ #ပလဖစခန်း #စီးနင်းခံရ #ကျပ်သိန်း၄၀၀၀ #ဆုံးရှုံးမှု #ရဲဘော်၁ဦး #သေဆုံး #သတင်း #မြေလတ်သတင်း

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10