မုံရွာ-မန္တလေးလမ်း တိုက်ပွဲကြားက ခရီးသည် (ခရီးသွားဆောင်းပါး)

မုံရွာ-မန္တလေးလမ်း တိုက်ပွဲကြားက ခရီးသည် (ခရီးသွားဆောင်းပါး)

စာရေးသူတယောက် ကျန်းမာရေးကိစ္စနဲ့ မန္တလေးမြို့ကို မဖြစ်မနေသွားရဖို့ဖြစ်လာတာကြောင့် စစ်ကောင်စီ တပ်ဖွဲ့တွေနဲ့ တော်လှန်ရေးအဖွဲ့တွေကြား မကြာခဏတိုက်ပွဲဖြစ်လေ့ရှိတဲ့ မုံရွာ-မန္တလေးလမ်းပိုင်းကို အရဲစွန့်ပြီး ခရီးထွက်ခဲ့ရပါတယ်။

မုံရွာ-ချောင်းဦးလမ်းပိုင်းမှာ စစ်ကောင်စီတပ်သားတွေက တော်လှန်ရေးအဖွဲ့တွေဘက်က ထောင်ထားတဲ့ မိုင်းတွေကို သေနတ်နဲ့ပစ်ဖောက်ပြီး ရှင်းလင်းနေတယ်လို့ သတင်းကြားရတာကြောင့် ခရီးမထွက်ခင် တရက်အလိုမှာ ကားဂိတ်ကိုဖုန်းဆက်ပြီး စုံစမ်းခဲ့ရပါသေးတယ်။ 

ကားဂိတ်က မနက်အစောဆုံးထွက်တဲ့ကားနဲ့လိုက်ရင် အခုလို မိုင်းရှင်းလင်းတာတွေနဲ့ကြုံရဖို့ ရာခိုင်နှုန်းနည်းတယ်လို့ ပြန်ပြောတာကြောင့် စာရေးသူကတော့ မနက်အစော ၆ နာရီကားနဲ့ မုံရွာကနေ မန္တလေးကိုသွားဖို့ စီစဉ်ခဲ့ပါတယ်။

ဆေးစာရွက်တွေနဲ့ လိုအပ်မယ့် မှတ်ပုံတင်တွေကို ထည့်၊ ကားသမားကိုစောင့်ရင်း မနက် ၆ နာရီ ၁၆ မိနစ်လောက်မှာတော့ ကားသမားက အိမ်တိုင်ရာရောက် လာကြိုတာကြောင့် ရင်တုန်ရင်းနဲ့ပဲ ခရီးစဥ်ကို စတင်ခဲ့ရပါတယ်။ 

ခရီးစထွက်ထွက်ချင်း မုံရွာမြို့ကို နှုတ်ခွန်းဆက်သပါတယ် ဆိုတဲ့ ဆိုင်းဘုတ်နဲ့ကပ်လျက်မှာ မအူစစ်ကောင်စီ ဂိတ်စခန်းကို စတင်တွေ့ရပါတယ်။ မအူဂိတ်ကိုရောက်တော့ ကားသမားက ခရီးသည်တွေရဲ့ မှတ်ပုံတင်နဲ့ နေရပ်လိပ်စာတွေကို စာအုပ်ထဲမှာ ချရေးပြီး ဂိတ်တဲထဲမှာထိုင်နေတဲ့ စစ်သားတယောက်ဆီကို သွားပေးပါတယ်။ 

အဲ့ဒီလို ခရီးသည် အချက်အလက်တွေ ပေးပြီးနောက်မှာတော့ ကားပေါ်မှာပါလာတဲ့ အိတ်တွေနဲ့ ခရီးသည်တွေကို စစ်ဆေးမှာဖြစ်တဲ့အတွက် ဂိတ်နားက ကွင်းပြင်ထဲကို သွားခဲ့ရပါတယ်။ 

အဲ့ဒီကွင်းပြင်ထဲ အရောက်မှာတော့ အရပ်ဝတ် ဝတ်ဆင်ထားတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင် ၃ ဦးက စစ်ဆေးမေးမြန်းတာတွေ စတင်ပြုလုပ်ပြီး ငွေသား ငါးထောင်၊ တသောင်းကို သူတို့လက်ထဲ မသိမသာထည့်ပေးလိုက်ရင်တော့ အဲ့ဒီကားကို မစစ်ဆေးတော့ဘဲ လွှတ်ပေးတာကိုလည်း စာရေးသူအနေနဲ့ မျက်မြင်တွေ့ခဲ့ ရပါသေးတယ်။

မအူဂိတ်မှာ အစစ်ဆေးခံပြီးနောက် မုံရွာ-မန္တလေးလမ်းအတိုင်း ခရီးဆက်ထွက်ချိန်မှာတော့ ကားလမ်းဘေး တလျောက်မှာ ထောင်ထားတဲ့ မိုင်းတွေကိုတွေ့မြင်ရပြီး စာရေးသူကတော့ တလမ်းလုံး အန္တရာယ်ကင်းဖို့ အတွက် ဘုရားစာတွေကိုသာ အာခြောက်အောင်ထိ ရွတ်ဆိုရင်း လိုက်ပါလာခဲ့ပါတယ်။

ကားလမ်းဘေး ကတ္တရာလမ်းအစပ်နားမှာ သံ၊ ဘိလပ်မြေတွေနဲ့ လုပ်ထားတဲ့ မိုင်းတွေကို ပေါ်တင်ချထားပြီး တချို့မိုင်းတွေမှာ ကြိုးစလေးတွေကိုပါ မြင်တွေ့ခဲ့ရပါတယ်။

အဲ့ဒီလိုနဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ တပ်စွဲနေထိုင်တဲ့ မအူဂိတ်၊ စွမ်းရည်ထက် ဆီဆိုင်ဂိတ်၊ မြပုလဲဂိတ် စတဲ့ ဂိတ်စခန်းတွေအပါအဝင် ၅ ဂိတ်ကို ဖြတ်ကျော်ခဲ့ရပြီး မြပုလဲဂိတ်မှာတော့ "PDF တွေ အလင်းဝင်လိုပါက အောက်ပါ ဖုန်းနံပါတ်တွေကို ဆက်သွယ်ပါ" ဆိုတဲ့ ဗီနိုင်းတွေ ကပ်ထားတာကိုလည်း တွေခဲ့ရပါသေးတယ်။ 

စာရေးသူတို့ လိုက်ပါလာတဲ့ကားဟာ ချောင်းဦးမြို့နယ်ထဲကို စတင်ဝင်ရောက်လာချိန်မှာတော့ ဝင်ဝင်ချင်း ကားလမ်းဘေးမှာ တော်လှန်ရေးတပ်ဖွဲ့တွေဘက်က ထောင်ထားတဲ့ မိုင်းများစွာကို တွေ့ခဲ့ရပြီး ကတ္တရာလမ်းတွေကလည်း မိုင်းဆွဲထားတဲ့ဒဏ်တွေကြောင့် ချိုင့်တွေဖြစ်ပြီး ပျက်စီးလို့ နေပါတယ်။ 

မိုင်းတွေ၊ ချိုင့်တွေကို ရှောင်ရင်းနဲ့ပဲ စာရေးသူတို့ကားဟာ ချောင်းဦးမြို့နယ်ထဲက ရေပိုးစားကန်အနီးကို ရောက်လာပါတော့တယ်။ 

ရေပိုးစားကန်နားအရောက်မှာ စစ်ကောင်စီဘက်က သွားလာခွင့်ပိတ်ထားတာကြောင့်  ကားအစီးရေ ၃၀၀ ကျော်လောက် တန်းစီစောင့်နေတာကိုလည်း တွေ့ခဲ့ရပါတယ်။  

စာရေးသူတို့လည်း ကားပေါ်မှာ စောင့်ဆိုင်းနေချိန် မန္တလေးကနေ မုံရွာဘက်ကို ထွက်လာတဲ့ မှန်လုံကားကြီး တွေပေါ်က အမျိုးသားတွေကို စစ်သား ၂ ယောက်က "ယောကျ်ားမှန်သမျှ အကုန်ဆင်း အကုန်ထွက်ခဲ့" လို့ အော်ဟစ်ပြီး သူတို့နဲ့အတူ မိုင်းရှင်းဖို့ ခေါ်နေသံတွေကိုလည်း ကြားခဲ့ရပါတယ်။ 

စာရေးသူလိုက်ပါလာတဲ့ ကားပေါ်က အမျိုးသားတွေကိုတော့ မိုင်းရှင်းဖို့ ခေါ်တာမျိုးမရှိခဲ့ဘူး။ အခုလို လမ်းပိုင်း သွားလာခွင့်ပိတ်ထားတာဟာ အရပ်သားကားတွေကို အကာကွယ်ယူရင်း စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက မိုင်းရှင်းဖို့ လုပ်နေတယ်ဆိုတာ နားလည်ခဲ့ပါတယ်။ 

မန္တလေး-မုံရွာ ခရီးသည်ကားပေါ်က အမျိုးသား ၂၃ ယောက်ဟာ စစ်သား ၂ ယောက်နဲ့အတူ လိုက်သွားခဲ့ရပြီး ကားလမ်းဘေးမှာရှိတဲ့ ခြုံတွေထဲကို တုတ်တွေနဲ့ထိုးကာ မိုင်း ရှာဖွေပေးနေရပါတယ်။ စာရေးသူ ကားပေါ်ကနေ လှမ်းကြည့်တဲ့အခါမှာတော့ မိုင်းထောင်ထားတဲ့ လမ်းဘေးက ခြုံတွေကို မီးရှို့နေတာမို့ မီးတောက် မီးခိုတွေ မြင်တွေ့နေရပါတယ်။

လမ်းပြန်ဖွင့်ဖို့ကို စောင့်ဆိုင်းနေရင်းနဲ့  ကားပေါ်မှာ မိနစ် ၃၀ ကျော်လောက် အချိန်ကုန်ခဲ့ရပါတယ်။ အဲ့ဒီလို စောင့်ဆိုင်းနေရင်း သေနတ်သံတချို့ ထွက်ပေါ်လာတာကြောင့် ရှာတွေ့တဲ့ မိုင်းတွေကို ပစ်ခွဲနေတာဖြစ်မယ်လို့ ထင်ခဲ့ပါသေးတယ်။ နောက်ထပ် မိနစ်ပိုင်းအကြာမှာတော့ အပြန်အလှန် ပစ်ခတ်သံတွေပါ ထွက်လာတာကြောင့် စာရေးသူတို့ တိုက်ပွဲကြားရောက်သွားပြီဆိုတာ သဘောပေါက်ရင်း ရင်တွေ စတုန်လာခဲ့ပါတော့တယ်။

သေနတ်သံတွေက လမ်းရဲ့ ညာဘက်မှာရှိတဲ့ ချုံပုတ်တွေထဲကနေ ထွက်လာသလို ချုံပုတ်တွေနဲ့ ကိုက် ၂၅၀ ကျော်လောက်မှာ မိုင်းရှင်းနေတဲ့ စစ်သားတွေဆီကနေလည်း အဆက်မပြတ်ထွက်နေခဲ့တာပါ။ 

အဲ့ဒီသေနတ်သံတွေကြားမှာပဲ စာရေးသူအပါအဝင် ရှေ့နောက်တန်းစီရှိနေတဲ့ ကားတွေပေါ်က ခရီးသည်တွေဟာ ဘယ်ဘက်ခြမ်းမှာရှိတဲ့ ကားတံခါးကိုဖွင့်ပြီး ခေါင်းငုံလျက်သားနဲ့ လမ်းပေါ်ပြေးဆင်းရပါတော့တယ်။ အဲ့ဒီနောက် ကတ္တရာလမ်းပေါ်ကို ထိုင်ချပြီး စီးလာတဲ့ ကားကိုကွယ်လျက် နေနေရပါတယ်။ 

ခဏအကြာမှာတော့ သေနတ်သံတွေတင် မဟုတ်တော့ဘဲ လက်နက်ကြီးသံတွေပါ စကြားလာခဲ့ရပါတယ်။ လက်နက်ကြီးသံ တခါကြားရင် စာရေးသူတို့ ထိုင်နေတဲ့ ကတ္တရာလမ်းကြီးပါ တုန်သွားခဲ့တာပါ။ လက်နက်ကြီးပစ်သံ ၄ ချက်ကြားလိုက်ရပြီး တိုက်ပွဲအတွင်း စာရေးသူအပါအဝင် ဘုန်းကြီးတွေ၊ ကလေးငယ်တွေကအစ နား ၂ ဖက်ကို လက်နဲ့ အုပ်ပြီး ခေါင်းမဖော်တမ်း နေခဲ့ပါတယ်။

လက်နက်သံတွေကြားတော့ ငိုတဲ့သူက ငို၊ အိမ်က မိသားစုဝင်တွေကို ဖုန်းဆက် အသိပေးမယ်ဆိုပြီး ဖုန်းတွေထုတ်ကြတော့လည်း ဖုန်းလိုင်းက မမိနဲ့ အချိန်ခဏအတွင်း  ခရီးသွားကားတန်းကြီးက အန္တရာယ် အပြည့်နဲ့ ဖြစ်ခဲ့ရပါတယ်။

၁၅ မိနစ်ကျော်လောက် အကြာမှာတော့ သေနတ်သံတွေ၊ လက်နက်ကြီးသံတွေ မကြားရသလောက် ငြိမ်စပြုလာပြီး ၁၇ မိနစ်အကြာမှာတော့ ပစ်ခတ်မှုတွေ လုံးဝရှင်းလင်း သွားခဲ့ပါတယ်။ ပစ်ခတ်သံတွေကြောင့် ကြောက်လန့်ပြီး အပေါ့သွားချင်လာတဲ့ ခရီးသွားတွေကလည်း အားလုံးငြိမ်သွားချိန်မှသာ ခေါင်းငုံရက်သားနဲ့ပဲ မှန်လုံကားတွေကို အကာကွယ်ယူကာ အပေါ့သွားကြရပါတယ်။ 

ပစ်ခတ်မှုတွေ ရပ်သွားပေမယ့် ခရီးသည်တွေကတော့ ကားပေါ်  မတက်ရဲသေးဘဲ ကတ္တရာလမ်းပေါ်မှာသာ ထိုင်နေကြရပါတယ်။ အဲ့ဒီလိုနဲ့ မိနစ် ၄၀ ကျော်အကြာမှာတော့ စစ်ကောင်စီတပ်ဖွဲ့တွေက လမ်းပိုင်းကို ပြန်လည်ဖွင့်ပေးခဲ့ပါတယ်။ 

လမ်းဖွင့်ပေးတယ် ပြောပေမယ့် စာရေးသူတို့ကတော့ ကားပေါ်မတက်ရဲသေးဘဲ ရှေ့မှာရှိတဲ့ကားတွေကို အခြေအနေစောင့်ကြည့်ကာ သူတို့တွေ ကားပေါ်တက်တာမြင်မှာသာ တက်ရဲခဲ့ကြတာပါ။ 

အဲ့ဒီ တိုက်ပွဲဖြစ်ရာနေရာကနေ စတင်ထွက်ခွာလာချိန်မှာတော့ စစ်သားတွေ ထိခိုက်သေဆုံးတာကို မတွေ့မြင်ရဘဲ မန္တလေးကနေ မုံရွာကိုလာတဲ့ Eagle Nine အသင်းက Honda Fit ခရီးသည်ကားတစီး လက်နက်ထိမှန်ထားတာကိုတော့ စာရေးသူကိုယ်တိုင် မျက်မြင်တွေ့ခဲ့ရပါတယ်။

Honda Fit ကားရဲ့ ရှေ့မှန်နဲ့ မီးခွက်တွေဟာ အက်ကွဲပြီး အင်ဂျင်ဝိုင်တွေယိုကျနေတာကိုလည်း တွေ့ခဲ့ရပါတယ်။ အဲ့ဒီကားကိုမောင်းတဲ့ ကားဆရာကတော့ သူ့နောက်မှာ တန်းစီနေတဲ့ ကားသမားတွေဆီကနေ အကူအညီ လိုက်လံတောင်းနေတာကိုလည်း တွေ့မြင်ခဲ့ရပြီး လက်နက်ထိမှန်ခဲ့တဲ့ ကားပေါ်က ခရီးသည်တွေကတော့ အန္တရာယ်ကင်းတယ်လို့ ဆိုပါတယ်။

တိုက်ပွဲတွေရပ်ကာ လမ်းဖွင့်ပေးလိုက်လို့ လိုရာခရီးကို ဆက်သွားခဲ့ရပေမယ့် တိုက်ပွဲကြားရောက်သွားတဲ့ အတွက် ကြောက်လန့်ပြီးတုန်နေတဲ့ စာရေးသူရဲ့ လက်ကတော့ ရပ်တန့်မသွားခဲ့ပါဘူး။ 

ခရီးဆက်လာရင်း ချောင်းဦးမြို့အထွက်၊ မြင်းမူမြို့မရောက်ခင် မြောင်လမ်းခွဲက စစ်ကောင်စီဂိတ်စခန်းကို ဖြတ်ချိန်မှာတော့ စစ်ကိုင်း တပ်မ ၃၃ ကနေ ထွက်လာတဲ့ သံပြားကာစစ်ကား ၂ စီးက ချောင်းဦးမြို့ကို ဦးတည်ထွက်ဖို့ စက်နှိုးနေတာကိုလည်း တွေ့ခဲ့ရပါသေးတယ်။

မြင်းမူမြို့ကိုကျော်ပြီး စစ်ကိုင်းမြို့နယ်ထဲက ထမင်းဆိုင်တဆိုင်မှာ နာရီဝက်ကြာ ထမင်းစားနားကြပြီး ခရီးပြန်ဆက်ချိန် ညောင်ပင်ဝန်းအကျော်က ထမင်းဆိုင်တွေကို စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက တပ်စွဲပြီး စစ်ဆေးရေးဂိတ်တွေ ဖွင့်လှစ်ထားတာ တွေ့ရပါတယ်။ 

အရပ်သားတွေပိုင်တဲ့ ဆိုင်ခန်းတွေကို စစ်ဆေးရေးဂိတ်ဖွင့်ပြီး ဆိုင်ပတ်လည်မှာလည်း မြေမြှုပ်မိုင်းတွေ ထောင်ထားပါသေးတယ်။ မိုင်းရှိတဲ့ နေရာတွေမှာ "မိုင်းသတိပြု"ဆိုတဲ့ စာတန်းကို ချိတ်ဆွဲထားပြီး ဝါးချွန်တွေကို မြေကြီးပေါ်မှာ ထိုးစိုက်ထားပါတယ်။ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ တပ်စွဲထားတဲ့ နေရာနားမှာရှိတဲ့ ထမင်းဆိုင် ၄ ဆိုင်လည်း ပိတ်ထားရတာကို မြင်တွေ့ခဲ့ရပါတယ်။

မုံရွာ-ချောင်းဦး-မြင်းမူ-ညောင်ပင်ဝန်း ကားလမ်းတလျောက် စစ်ကောင်စီစစ်ဆေးရေးဂိတ် ၁၃ ခုကို ဖြတ်ကျော်ပြီး နောက်မှာတော့ စစ်ကိုင်းတံတားကို ရောက်ရှိခဲ့ပါတယ်။ တံတားပေါ်က စစ်ကောင်စီ လက်အောက်ခံ ဝန်ထမ်းတွေကို ဖြတ်သန်းခအခွန်ပေးဆောင်ပြီး ဆက်ထွက်လာချိန်မှာတော့ စစ်ကိုင်းနှာပေါက်ကို မြင်တွေ့နေရပါပြီ။ 

စစ်ကိုင်းနှာပေါက်ကို ရောက်ချိန်မှာတော့ အရပ်ဝတ်တွေဝတ်ဆင်ထားတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေဟာ ခရီးသည် မှတ်ပုံတင်နဲ့ အိတ်တွေကို စစ်ဆေးပါတော့တယ်။ သူတို့မသင်္ကာတဲ့ ခရီးသည်တွေကိုတော့ ဖုန်းတွေပါ စစ်ဆေးတာကို စာရေးသူက မျက်မြင်တွေ့ခဲ့ရပါတယ်။ 

စစ်ကောင်စီတပ်ဖွဲ့ဝင်တွေရဲ့ စစ်ဆေးမှုပြီးဆုံးသွားတဲ့အတွက် ဆက်လက်ထွက်ခွာလာခဲ့ပြီး နေ့လယ် ၁၂ လောက်မှာတော့ စာရေးသူတို့ ကားလေးဟာ မန္တလေးမြို့ကြီးကို အန္တရာယ်ကင်းစွာနဲ့ ရောက်ရှိလာခဲ့ပါတယ်။ ခရီးတလျှောက် လက်တွေတုန်ရင်း လိုက်ပါလာခဲ့ရတဲ့ စာရေးသူဟာ မန္တလေးမြို့ကိုဝင်မှသာ စိတ်အေးလက်အေးနဲ့ ပြုံးနိုင်ပါတော့တယ်။ 

မုံရွာမှာ ကျန်ခဲ့တဲ့ မိသားစုဝင်တွေကို ဖုန်းဆက်ပြီး လမ်းခရီးမှာ ကြုံတွေ့ခဲ့ရတဲ့ အဖြစ်အပျက်တွေကို တဝကြီးပြောပြချိန်မှာတော့ “ဘာမှမဖြစ်ခဲ့တာကိုက၊ အဆိုးထဲက အကောင်း” လို့ ဝမ်းသာအားရနဲ့ ပြောသံတွေကိုလည်း ပြန်ကြားခဲ့ရပါသေးတယ်။ 

တိုက်ပွဲကြားရောက်ခဲ့တဲ့ စာရေးသူကတော့ မုံရွာ-မန္တလေးလမ်းပိုင်းကို မဖြစ်မနေ အရေးကြီးကိစ္စရှိမှသာ သွားလာတော့မယ်လို့လည်း စိတ်ဆုံးဖြတ် လိုက်မိပါတော့တယ်။

ရေးသားသူ - ခေတ်သဒ္ဒါ

#မြေလတ်အသံ

#မုံရွာ #မန္တလေး #မြင်းမူ #မိုင်း #ခရီးသည် #စစ်ကောင်စီ 

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10