မုံရွာမြို့တဖက်ကမ်းက ပြည်သူတွေကို စစ်ကောင်စီက ဖမ်းဆီးမှုတွေ ပြုလုပ်

မုံရွာမြို့တဖက်ကမ်းက ပြည်သူတွေကို စစ်ကောင်စီက ဖမ်းဆီးမှုတွေ ပြုလုပ်

စစ်ကိုင်းတိုင်း၊ မုံရွာမြို့ ချင်းတွင်းမြစ်အနောက်ဘက်ကမ်းက ပြည်သူတွေကို စစ်ကောင်စီက စစ်ဆေးဖမ်းဆီးတာတွေ လုပ်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ဇန်နဝါရီ ၁၅ ရက် နံနက် ၁၀ နာရီ ဝန်းကျင်မှာ ချင်းတွင်းမြစ်ကူးတို့ဆိပ်ဖြစ်တဲ့ ညောင်ပင်ကြီး-မုံရွာကူးတို့ဆိပ်မှာ စက်လှေ ၁ စီးပေါ်ပါလာတဲ့ ပြည်သူတွေကို မုံရွာဘက်ကမ်းအရောက်မှာ စစ်ကောင်စီတပ်ဖွဲ့ ဝင်တွေက ဖမ်းဆီးလိုက်ကြတယ်လို့ သိရပါတယ်။ 

စက်လှေပေါ်လိုက်ပါလာတဲ့ အမျိုးသမီးတွေကို ချက်ချင်းပြန်လွှတ်ပေးခဲ့ပေမယ့် အမျိုးသား ၁၀ ဦးကျော်ကိုတော့ ဖမ်းဆီးထားပြီး ဒီနေ့အထိ ပြန်မလွှတ်ပေးသေးဘူးလို့ ဆားလင်းကြီးမြို့ ဒေသခံတဦးက ပြောပါတယ်။ 

အခုလိုဖမ်းဆီးတာတွေရှိတဲ့အတွက် မုံရွာအနောက်ဘက်ကမ်း၊ ဆားလင်းကြီးမြို့နယ်နဲ့ ယင်းမာပင်မြို့နယ် အတွင်းက အမျိုးသားတွေနဲ့ လူငယ်တွေဟာ ဇက်ဆိပ်ကနေတဆင့် မုံရွာမြို့ဘက်ကို သွားလာတာ မပြုလုပ်ကြတော့ဘူးလို့ သူက ဆိုပါတယ်။

အခုလက်ရှိ အဖမ်းခံလိုက်ရတဲ့အမျိုးသားတွေဟာ ယင်းမာပင်မြို့နယ်နဲ့ ဆားလင်းကြီးမြို့နယ်က ဖြစ်ကြတယ်လို့ သိရပါတယ်။ 

ဇန်နဝါရီ ၁၆ ရက် မနေ့ ည ၈ နာရီအချိန်မှာလည်း ချင်းတွင်းတံတားအနောက်ဘက်၊ လက်ခုပ်ပင်ရွာသစ်ကို စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက ဝင်ရောက်မွှေနှောက်မှုတွေပြုလုပ်ပြီး ည ၉ နာရီခွဲမှာ ပြန်ထွက်သွားတယ်လို့ ဆိုပါတယ်။

လက်ခုပ်ပင်ရွာသစ်ဟာ ချင်းတွင်းတံတားအနောက်ဘက်မှာရှိတာဖြစ်ပြီး စစ်ကောင်စီတပ်ဖွဲ့တွေက ကျေးရွာ အတွင်းက လူနေအိမ်တွေကို ဝင်ရောက်ရှာဖွေတာတွေလုပ်ခဲ့ပေမယ့် လူဖမ်းသွားတာမျိုးတော့ မရှိဘူးလို့ ဆိုပါတယ်။ 

“ပေါ်တာဆွဲတဲ့ အနေထားတော့ မဟုတ်ဘူး။ နေအိမ်တွေထဲဝင်ပြီး ရှာဖွေပြီးပြန်ထွက်သွားတာ။ လတ်တလောတော့ တယောက်မှ ပါမသွားဘူး။" လို့ လက်ခုပ်ပင်ရွာသစ်နဲ့ နီးစပ်သူတဦးက ပြောပါတယ်။ 

စစ်ကောင်စီတပ်ဖွဲ့ဝင်တွေဟာ မုံရွာတဘက်ကမ်းက ပြည်သူတွေကို ချင်းတွင်းတံတားအနီးက စစ်ဆေးဖမ်းဆီးတာတွေပြုလုပ်တတ်သလို မုံရွာ-ညောင်ပင်ကြီး ဇက်ဆိပ်ကနေလည်း ဖမ်းဆီးပေါ်တာဆွဲတာတွေ ပြုလုပ်နေတာကြောင့် မုံရွာအနောက်ဘက်ခြမ်း၊ ဆားလင်းကြီးမြို့နယ်ထဲက လူငယ်အမျိုးသားတွေဟာ မုံရွာမြို့ကို ခရီးသွားလာတာ၊ အလုပ်သွားလုပ်တာတွေ ရပ်နားထားတာကြာပြီလို့ ဒေသခံတွေက ပြောပါတယ်။ 

၂၀၂၄ ဒီဇင်ဘာ ၁၀ ရက်ကလည်း ဆားလင်းကြီးမြို့နယ်ကနေ မုံရွာမြို့ရှိ ဘုန်းတော်ကြီး ၁ ပါးရဲ့ မွေးနေ့ ပိုက်ကျော်ခြင်းပြိုင်ပွဲမှာ ခြင်းခတ်ရန်သွားရောက်စဉ် လူငယ် ၂ ဦးကို စစ်ကောင်စီက ဖမ်းဆီးပေါ်တာဆွဲ သွားခဲ့တာဖြစ်ပါတယ်။ 

ပုံစာ - ဆားလင်းကြီး-မုံရွာကို စက်လှေနဲ့ ကမ်းကူးသွားလာနေကြသူတွေကို တွေ့ရစဉ်။ (ပုံဟောင်း)

သတင်း - သိုက်ထွန်း၊ စာတည်း - လင်းဇေ

#မြေလတ်အသံ

#စစ်ကိုင်းတိုင်း #မုံရွာမြို့  #ချင်းတွင်းမြစ် #စစ်ကောင်စီ

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10