သတင်း
- - သတင်းတို
- - စီးပွားရေး
- - ရွေးကောက်ပွဲ
- - နိုင်ငံရေး
- - အင်တာဗျူး
- - မှုခင်း
- - ကျန်းမာရေး
- - ပညာရေး
- - အလုပ်သမား
- - သမိုင်း
- - ပေးစာ
- - စစ်ရှောင်
- - တိုက်ပွဲ
- - သဘာဝဘေး
စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့၊ မြို့တော်ခန်းမမှာတာဝန်ထမ်းဆောင်နေရတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တဦးဟာ ရွှေဘိုခရိုင်အမှတ် ၂၆ တပ်ရင်းဆီကို ဆက်သွယ်ပြီး CDM ပြုလုပ်ခဲ့တယ်လို့ မုံရွာနတ်ဆိုးအဖွဲ့ဆီကနေ သိရပါတယ်။
မုံရွာမြို့လယ်ကောင်က စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ တပ်စွဲထားတဲ့ မြို့တော်ခန်းမမှာ တလနီးပါးကြာ တာဝန်ထမ်းဆောင်နေရတဲ့ စစ်မှုထမ်းအပတ်စဥ် ၅ သင်တန်းဆင်း ကိုအောင်မြင့်မြတ် ဟာ ရွှေဘိုခရိုင်အမှတ် ၂၆ တပ်ရင်းဆီကို ဆက်သွယ်ပြီး ပြည်သူ့ရင်ခွင်ခိုလှုံဖို့ ပြောဆိုလာခဲ့တာဖြစ်တယ်လို့ သိရပါတယ်။
အသက် ၃၁ နှစ်အရွယ် ကိုအောင်မြင့်မြတ်ကို သွားရောက်ခေါ်ထုတ်ဖို့ ဒေသတွင်းတော်လှန်ရေးအဖွဲ့ဖြစ်တဲ့ မုံရွာခရိုင်အမှတ် ၂၂ နတ်ဆိုးတပ်ရင်းဆီကို ရွှေဘိုခရိုင်အမှတ် ၂၆ တပ်ရင်းမှူးက အကူညီတောင်းလာလို့ ဇန်နဝါရီ ၇ ရက် မနက် ၁၀ နာရီမှာ သွားရောက်ခေါ်ထုတ်ပေးခဲ့တာဖြစ်တယ်လို့ သိရပါတယ်။
မြို့တော်ခန်းမကနေ ထွက်ပြေးလာချိန်မှာ အကြောင်းအမျိုးမျိုးကြောင့် လက်နက်မယူနိုင်ခဲ့ဘူးလို့ ဆိုပါတယ်။
ကိုအောင်မြင့်မြတ်ဟာ ရန်ကုန်တိုင်းဒေသကြီးကဖြစ်ပြီး စစ်မှုထမ်းဖို့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက ၂၀၂၄ သြဂုတ်လပိုင်းမှာ အိမ်တိုင်ရာရောက်လာခေါ်ခဲ့တာဖြစ်ပြီး စစ်မှုထမ်းအပတ်စဥ် ၅ အတွက် ရန်ကုန်တိုင်း၊ တိုက်ကြီးမြို့နယ်၊ ဂျိုးဖြူအခြေစိုက် အမှတ် ၁ တန်းမြင့်လေ့ကျင့်ရေးကျောင်းမှာ ၃လကြာ သင်တန်းဆင်းခဲ့ရတယ်လို့ သိရပါတယ်။
စစ်သင်တန်း ၃ လကြာ သင်တန်းဆင်းပြီးတဲ့နောက်မှာ မုံရွာမြို့ မြို့တော်ခန်းမမှာ တာဝန်ကျလို့ စေလွှတ်ခံခဲ့ရတာဖြစ်တယ်လို့ ဆိုပါတယ်။
"သူ CDMလုပ်ချင်တယ်လို့ ဆက်သွယ်တုန်းကတော့ လက်နက်ပါယူခဲ့မယ်ပြောတယ်။ တကယ်တမ်းကျ လူပဲ ကိုယ်လွှတ်ရုန်းပြေးခဲ့ရလို့ လက်နက်မယူနိုင်ခဲ့ဘူး။ ကျနော်တို့ တပ်ရင်းမှာကို တပတ်လောက်ကြာတယ်။ အနွေးထည်မပါလို့တောင် ကျနော်တို့ ပေးရတာ၊ သေချာ ကျွေးမွေးစောင့်ရှောက်ထားပေးတယ်၊။ "လို့ မုံရွာခရိုင်အမှတ် ၂၂ တပ်ရင်းက တပ်ရင်းမှူး နတ်ဆိုးက မြေလတ်အသံကို ပြောပါတယ်။
CDM ပြုလုပ်လာခဲ့တဲ့ ကိုအောင်မြင့်မြတ်ကို ဇန်နဝါရီ ၁၅ ရက်မှာပဲ ရွှေဘိုခရိုင် အမှတ် ၂၆ တပ်ရင်းဆီကို အန္တရာယ်ကင်းစွာနဲ့ လက်လွှဲပေးခဲ့တယ်လို့ သူက ဆက်ပြောပါတယ်။
"သူက ပြည်သူ့ရင်ခွင်ကို ဆက်သွယ်တာ၊ ပြည်သူ့ရင်ခွင်ကနေမှ ကျနော်တို့ကို အကူအညီတောင်းတော့ ကျနော်တို့ကနေတဆင့် မုံရွာနတ်ဆိုးအဖွဲ့ကို အကူညီတောင်းတာပါ၊ ကျနော်တို့ လမ်းတဝက်ကို သွားခေါ်ခဲ့ ရတာ။ စစ်ကြောင်းတွေရှိနေတာနဲ့ မုံရွာ နတ်ဆိုးအဖွဲ့ဆီမှာ ကြာသွားတာပေါ့။ အခုတော့ သူ့ကို ဖုန်းပေးသုံးထားတယ်။ မိသားစုနဲ့လည်း အဆက်အသွယ်ရတယ်။" လို့ ရွှေဘိုခရိုင် တပ်ရင်း ၂၆ ရဲ့ တပ်ရင်းမှူးက မြေလတ်အသံ ကို ပြောပါတယ်။
လက်ရှိမှာတော့ ကိုအောင်မြင့်မြတ်ကို ရွှေဘိုခရိုင် အမှတ်၂၆ တပ်ရင်းမှာပဲ ထိန်းသိမ်းထားတယ်လို့ သိရပါ တယ်။ ရွှေဘိုခရိုင် အမှတ်၂၆ တပ်ရင်းမှာ CDM ပြုလုပ်လာတဲ့ စစ်တပ်သား ၄ ဦးရှိပြီလို့ သိရပါတယ်။
ပုံစာ - CDM ပြုလုပ်ခဲ့သည့် ကိုအောင်မြင့်မြတ်။
သတင်း - ခေတ်သဒ္ဒါ၊ စာတည်း - လင်းဇေ
#မြေလတ်အသံ
#စစ်ကိုင်း #မုံရွာမြို့ #မြို့တော်ခန်းမ #CDM #စစ်သား
Share Share Share