မုံရွာမြို့ ဒီဇင်ဘာလမ်းလျှောက်ပွဲလုပ်တဲ့နေရာ မိုင်းခွဲခံရ၊ ပွဲတက်တဲ့ဝန်ကြီးချုပ်ကတော် လန့်ပြီး ဆေးရုံရောက်ဟုဆို

မုံရွာမြို့ ဒီဇင်ဘာလမ်းလျှောက်ပွဲလုပ်တဲ့နေရာ မိုင်းခွဲခံရ၊ ပွဲတက်တဲ့ဝန်ကြီးချုပ်ကတော် လန့်ပြီး ဆေးရုံရောက်ဟုဆို

စစ်ကိုင်းတိုင်း၊ မုံရွာမြို့ ကန်သာယာကန်ကြီးဘေးမှာပြုလုပ်တဲ့ ဒီဇင်ဘာလမ်းလျှောက်ပွဲကို မိုင်းခွဲတိုက်ခိုက်ခဲ့တယ်လို့ Golden Eagle Force - Monywa အဖွဲ့ဆီက သိရပါတယ်။ 

ဒီဇင်ဘာ ၂၃ ရက် ဒီမနက်အစောပိုင်းမှာပြုလုပ်တဲ့ အဆိုပါလမ်းလျှောက်ပွဲနေရာအနီးကို  ဒေသခံ ကာကွယ်ရေးတပ်တွေက မနက် ၇ နာရီလောက်မှာ မိုင်းခွဲခဲ့တာလို့ ဆိုပါတယ်။ 

“ဝန်ကြီးချုပ်အပါအဝင် ဌာနဆိုင်ရာ Non CDM တွေနဲ့ လုံခြုံရေးယူပေးတဲ့ ရဲနဲ့ စစ်သားတွေရှိတဲ့ လမ်းဘေးမှာပဲ မိုင်းထောင်ပြီး ဖောက်ခွဲခဲ့တာပါ။ လုံခြုံရေးယူပေးတဲ့ အင်အားကိုက ၁၀၀ ပတ်ဝန်းကျင် ရှိပါတယ်” လို့ Golden Eagle Force - Monywa ခေါင်းဆောင်ဗိုလ်လင်းယုန်က ပြောပါတယ်။

ဒီတိုက်ခိုက်မှုကြောင့် ထိခိုက်မှုတွေရှိခဲ့ပြီး ပွဲကိုတက်ရောက်လာတဲ့ စစ်ကိုင်းတိုင်းဝန်ကြီးချုပ် ဦးမြတ်ကျော်ရဲ့ ဇနီးဖြစ်သူလည်းလည်း ပေါက်ကွဲသံကြောင့် လန့်ပြီးဆေးရုံပို့လိုက်ရတယ်လို့ ဆိုပါတယ်။ 

“ဆွဲတာကတော့ ဝန်ကြီးချုပ်ကို တည်ပြီးဆွဲတာ၊ ရှေ့နောက် Jammer တွေကာပြီး လမ်းလျှောက်တာ ဆိုတော့ မိုင်းကမကွဲဘဲ လူတန်းကျော်မှမိုင်းက ပေါက်ကွဲသွားတာ၊ ဝန်ကြီးချုပ် ကတော်ကတော့ မိုင်းပေါက်ကွဲသံကြားပြီး လန့်ပြီး‌တော့ နှလုံးဖောက်ပြီး မုံရွာဆေးရုံမှာ ဆေးကုသမှု ခံယူနေရတယ်” လို့ ဗိုလ်လင်းယုန်က ပြောပါတယ်။ 

မိုင်းကွဲပြီးနောက် လမ်းလျှောက်ပွဲလုပ်ဖို့ အခမ်းအနားတွေရုပ်သိမ်းပြီးတော့ အဲ့ဒီနားတဝိုက်မှာပိတ်ဆို့ပြီး ဖမ်းဆီးစစ်ဆေးတာတွေ လုပ်ခဲ့တယ်လို့ သိရပါတယ်။

ပြီးခဲ့တဲ့ ဒီဇင်ဘာ ၁၇ ရက်ကလည်း မုံရွာမြို့ပေါ် က စစ်ကောင်စီတပ်စွဲထားတဲ့ နေရာ ၂ ခုနဲ့ တပ်ရင်း ၁ ခုကို Golden Eagle Force - Monywa အဖွဲ့က လက်ပစ်ဗုံးနဲ့ ပစ်ဖောက်ခွဲခဲ့ရာ စစ်သား ၂ ဦး သေဆုံးခဲ့တယ်လို့ သိရပါတယ်။

ပုံစာ - ဒီဇင်ဘာအားကစားပွဲကာလ တက်ရောက်တဲ့ စစ်ကိုင်းတိုင်းစစ်ကောင်စီဝန်ကြီးချုပ်နဲ့ ဇနီး။

စာတည်း - လင်း 

#မြေလတ်အသံ

#စစ်ကိုင်း #မုံရွာ #ဒီဇင်ဘာလမ်းလျှောက်ပွဲ #မိုင်းခွဲ #ဝန်ကြီးချုပ်ဇနီးနှလုံးလန့် #သတင်း #မြေလတ်သတင်း

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10