မုံရွာမြို့နယ်မှာ စစ်ကောင်စီတပ်စွဲလိုက်တဲ့ ရွာနှစ်ရွာက ဒေသခံ ၁၀၀၀ ခန့် ထွက်ပြေး အချို့ဖမ်းဆီးခံထားရ

မုံရွာမြို့နယ်မှာ စစ်ကောင်စီတပ်စွဲလိုက်တဲ့ ရွာနှစ်ရွာက ဒေသခံ ၁၀၀၀ ခန့် ထွက်ပြေး အချို့ဖမ်းဆီးခံထားရ

စစ်ကိုင်းတိုင်း၊ မုံရွာမြို့နယ်အတွင်း လယ်ဇင်ရွာနဲ့ ရွာထောင်ရွာတို့မှာ စစ်ကောင်စီစစ်ကြောင်းက ၀င်ရောက်တပ်စွဲထားပြီး ဒေသခံတွေကို ဖမ်းဆီးတာကြောင့် ကျေးရွာရှိ ဒေသခံ‌ တထောင်ခန့်မှာ ထွက်ပြေးတိမ်းရှောင်နေကြရတယ်လို့ သိရပါတယ်။

စစ်ကောင်စီစစ်ကြောင်းက စက်တင်ဘာ ၈ ရက်‌ကစတင်ပြီး ၀င်ရောက်စစ်ကြောင်းထိုး တပ်စွဲနေထိုင်တာဖြစ်ပြီး ကျေးရွာရှိဒေသခံအချို့ကို ဖမ်းဆီးကာ နှိပ်စက်ခိုင်းစေမှုတွေ လုပ်နေတယ်လို့ မုံရွာမြို့ နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ တာ၀န်ရှိသူတဦးက ပြောပါတယ်။

"ရွာနှစ်ရွာက ဒေသခံတွေကို ဖမ်းထားပြီးတော့ ကတုတ်ကျင်း‌ တူးခိုင်းတာတွေ၊ ဘန်ကာတွေလုပ်ပြီး သဲအိတ်တွေသယ်ခိုင်းတာတွေ လုပ်ခိုင်းနေတယ်လို့ သိရတယ်။ ဒေသခံတွေလည်း လွတ်ရာကိုရှောင်တိမ်းနေကြရတာ တထောင်နီးပါးလောက်ရှိတယ်" လို့ မြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ တာ၀န်ရှိသူတဦးက မြေလတ်အသံကို ပြောပါတယ်။

ဖမ်းဆီးခံထားရတဲ့ ဒေသခံဦးရေနဲ့ ဘယ်သူတွေဆိုတာကို အတည်ပြုလို့မရသေးဘဲ လက်ရှိအချိန်ထိလည်း စစ်ကောင်စီတပ်က ဖမ်းဆီးထားသူတွေကို ပြန်လွှတ်ပေးတာမျိုး မရှိသေးဘူးလို့ သူက ဆိုပါတယ်။

အဲ့ဒီ စစ်ကောင်စီစစ်ကြောင်းဟာ ပြီးခဲ့တဲ့ စက်တင်ဘာ ၅ ရက်က မုံရွာမြို့ရှိကာကွယ်ရေးတပ်ဖွဲ့စခန်းတခုကို ၀င်ရောက်စီးနင်းပြီး ရဲဘော် ၄ ဦးကို သတ်ဖြတ်ခဲ့တဲ့ အင်အား ၈၀ ‌ခန့်ပါ စစ်ကြောင်းဖြစ်ပြီး ရွာနှစ်ရွာကို‌ စစ်ကြောင်းဖြန့်၍ တပ်စွဲနေထိုင်နေတာ ဖြစ်တယ်လို့ သိရပါတယ်။

ယခုလို စစ်ကြောင်းထိုးတာ၊ ၀င်ရောက်တပ်စွဲနေထိုင်တာမျိုးတွေ မပြုလုပ်ခင် လယ်ဇင်ရွာကို လက်နက်ကြီးတွေနဲ့ ပစ်ခတ်တာတွေ လုပ်ဆောင်ခဲ့လို့ ဘုန်းကြီးကျောင်းအပါအ၀င် စာသင်ကျောင်းနဲ့ လူနေအိမ်အချို့ ထိခိုက်ပျက်စီးတာတွေရှိခဲ့တယ်လို့လည်း သိရပါတယ်။

စာတည်း - နွေဦးငြိမ်းချမ်း

#မြေလတ်အသံ

#မုံရွာ #လယ်ဇင် #ရွာထောင်ရွာ #စစ်ကောင်စီတပ် #တပ်စွဲ #ဖမ်းဆီး #စစ်ဘေးရှောင်နေရ #သတင်း

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10