မုံရွာမြို့ပေါ်ကရွှေဆိုင် နေ့ခင်းဘက်ဓားပြတိုက်ခံရပြီး ရွှေနဲ့စိန်ထည်အများအပြားပါသွား

မုံရွာမြို့ပေါ်ကရွှေဆိုင် နေ့ခင်းဘက်ဓားပြတိုက်ခံရပြီး ရွှေနဲ့စိန်ထည်အများအပြားပါသွား

စစ်ကိုင်းတိုင်း၊ မုံရွာမြို့၊ မြဝတီရပ်ကွက်၊ မေတ္တာလမ်းသွယ် ၁ ရှိ နဝရတ်ရွှေဆိုင် ဓားပြတိုက်ခံရပြီး စိန်နဲ့ရွှေထည်ပစ္စည်းအများအပြား ဆုံးရှုံးသွားတယ်လို့ ဒေသခံတွေထံက သိရပါတယ်။

စက်တင်ဘာ ၂၆ ရက် နေ့လယ် ၁၂ နာရီခန့်မှာ နဝရတ်ရွှေဆိုင်နဲ့တွဲလျက်ရှိ ပိုင်ရှင်ဒေါ်ဝင်းခိုင်ရဲ့နေအိမ်ကို လူငယ်အမျိုးသမီး ၂ ဦး၊ အမျိုးသား ၃ ဦး စုစုပေါင်း ၅ ဦးက ဆိုင်ကယ်နဲ့ရောက်လာပြီး နေအိမ်ထဲဝင်ကာ ဓားပြတိုက်ခဲ့တာလို့ ဆိုပါတယ်။

"ပေါ်တင်ကြီး ဝင်တိုက်သွားတာ။ ဆိုင်ကယ်နဲ့လာကြတာ။ အများစုကရွှေနဲ့စိန်ထည်တွေ ပါသွားတယ်။ သိန်းတသောင်းကျော်လောက် ရှိနိုင်မယ်" လို့ မုံရွာမြို့ခံတဦးက မြေလတ်အသံကို ပြောပါတယ်။

ဓားပြတိုက်ခံရပြီးနောက် ရွှေဆိုင်နဲ့နီးစပ်သူတဦးက သူရဲလူမှုကွန်ယက်စာမျက်နှာမှာ ဖုန်း ၅ လုံး၊ လက်တောပ့် ၁ လုံး၊ စိန်၊ ရွှေ၊ ပလက်တီနမ်အတွင်းပစ္စည်းအားလုံး ယူဆောင်သွားကြောင်း ရေးသားထားကာ ဓားပြတိုက်ခံရမှုဖြစ်စဉ် CCTV မှတ်တမ်းနဲ့အတူ ဖော်ပြထားပါတယ်။

ရွှေဆိုင်ဓားပြတိုက်ခံရမှုအတွင်း ပစ္စည်းဆုံးရှုံးမှုဟာ ကာလတန်ဖိုး သိန်းတသောင်းကျော်ရှိနိုင်တယ်လို့ ဒေသခံတွေက ခန့်မှန်းပြောဆိုထားပေမယ့် သီးခြားတော့ အတည်မပြုနိုင်ပါဘူး။

လူမှုကွန်ယက်မှာပျံ့နှံ့လာတဲ့ ဓားပြတိုက်ခံရမှု CCTV မှတ်တမ်းရုပ်သံအရ အမျိုးသမီး ၂ ဦး နေအိမ်တွင်း စတင်ဝင်ရောက်လာပြီးနောက် လက်နက်ကိုင်ဆောင်ထားတဲ့ အမျိုးသား ၂ ဦး ထပ်မံဝင်ရောက်လာကာ ပစ္စည်းတွေကို သိမ်းယူနေတာကိုလည်း တွေ့ရပါတယ်။

မတ် ၅ ရက်ကလည်း မုံရွာမြို့၊ သလ္လာရပ်ကွက် ၊ စိတ္တသုခလမ်းနဲ့ ငွေသော်တာလမ်းဆုံနေရာမှာ ပရီမီယာကော်ဖီ ကုမ္ပဏီကား ဓားပြတိုက်ခံရကာ ငွေကျပ်သိန်း ၅၇၀ ကျော် ဆုံးရှုံးသွားသေးတယ်လို့ သိရပါတယ်။

မုံရွာမြို့ပေါ်မှာ ဓားပြမှု၊ ပြန်ပေးမှု၊ လုယက်မှု၊ လမ်းမပေါ် လုယက်အဓမ္မပြုကျင့်မှုတွေ မကြာခဏဖြစ်ပွားနေပေမယ့် စစ်ကောင်စီဘက်က ဖမ်းဆီးအရေးယူနိုင်မှုမရှိသလောက်ဖြစ်နေတယ်လို့ သိရပါတယ်။

စာတည်း - ဟိန်းစံ

#မြေလတ်အသံ

#စစ်ကိုင်း #မုံရွာ #ဓါးပြတိုက် #လုယက် #ရွှေဆိုင် 

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10