မုံရွာမြို့ပေါ်က တိုင်းရဲရုံးနဲ့ ထွေအုပ်ရုံးကို PDF က ဒရုန်းနဲ့ဗုံးကြဲ၊ မြောင်ရဲစခန်းလည်း တိုက်ခိုက်ခံရ

မုံရွာမြို့ပေါ်က တိုင်းရဲရုံးနဲ့ ထွေအုပ်ရုံးကို PDF က ဒရုန်းနဲ့ဗုံးကြဲ၊ မြောင်ရဲစခန်းလည်း တိုက်ခိုက်ခံရ

စစ်ကိုင်းတိုင်း၊ မုံရွာမြို့ပေါ်က စစ်ကောင်စီလက်အောက်ခံ ထိပ်ပိုင်းအရာရှိတွေရှိတဲ့ စစ်ကိုင်းတိုင်း ရဲတပ်ဖွဲ့ မှူးရုံးနဲ့ အထွေထွေအုပ်ချူပ်ရေးမှူးရုံးကို ဒေသကာကွယ်ရေးတပ်တွေက ဩဂုတ် ၁၃ ရက် ညနေ ၅ နာရီခွဲမှာ ဒရုန်းနဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ ဒေါင်းတမန် လေကြောင်းစစ်ဆင်ရေးအဖွဲ့ထံက သိရပါတယ်။

PDF တပ်ဖွဲ့တွေက ဒရုန်း ၂ စီးနဲ့ ၄ ကြိမ်ဗုံးသီးချကာ တိုက်ခိုက်ခဲ့တာဖြစ်တယ်လို့ ဆိုပါတယ်။ 

တော်လှန်ရေးတပ်ဖွဲ့တွေအနေနဲ့ စစ်ကောင်စီတပ်ရဲ့ အောက်ခြေက စစ်သည်တွေကို ပစ်မှတ်မထားတော့ဘဲ အရေးပါတဲ့ အဓိက ပစ်မှတ်တွေကိုသာ တိုက်ခိုက်သွားမှာဖြစ်တဲ့အခါ အခု မုံရွာမြို့ပေါ်က အစိုးရရုံးကို တိုက်ခိုက်ခဲ့တာဖြစ်တယ်လို့ ဒေါင်းတမန်လေကြောင်းစစ်ဆေးရေးတာ၀န်ခံက မြေလတ်အသံကို ပြောပါတယ်။

"ဒီမြို့‌ထဲက အတားအဆီးတွေကို ထိုးဖောက်နိုင် မထိုးဖောက်နိုင်ဆိုတာ စမ်းသပ်ပြီးလုပ်ကြည့်တာ အောင်မြင်တယ်" လို့ ဒေါင်းတမန်လေကြောင်းစစ်ဆေးရေးတာ၀န်ခံက ဆိုပါတယ်။ 

ဒရုန်းနဲ့ ကြဲချခဲ့တဲ့ဗုံးတွေဟာ တိုင်းရဲတပ်ဖွဲ့မှူးရုံးနဲ့ ထွေအုပ်ရုံးတွေထဲသို့ ကျရောက်ပေါက်ကွဲခဲ့တာဖြစ်လို့ ထိခိုက်ပျက်စီးမှုအခြေအနေကိုတော့ ပြန်သိရဖို့ မလွယ်ကူဘူးလို့ သူကဆိုပါတယ်။ 

အဲ့ဒီလိုတိုက်ခိုက်ခံရပြီးတဲ့နောက်မှာတော့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေဟာ မုံရွာမြို့ပေါ်က ရဲတပ်ဖွဲ့မှူးရုံး အနီးဝန်းကျင်တွေကို လက်နက်ငယ်တွေနဲ့ ညသန်းခေါင်ချိန်ရောက်တဲ့အထိ ခြောက်လှန့်ပစ်ခတ်တာတွေ ပြုလုပ်နေတယ်လို့ ဆိုပါတယ်။ 

အထက်ပါ စစ်ဆင်ရေးကို Shar Htoo WAW နည်းပညာတပ်ဖွဲ့ရဲ့ Team 3- PDAF၊ Shar Htoo WAW နည်းပညာတပ်ဖွဲ့ Team 4 -SSTF ၊ Monywa Ranger၊ မုံရွာခရိုင်တပ်ရင်း ၂၄ ခွဲ (၃)(၄)၊ မုံရွာပကဖ၊ Wings of Kalay ကလေး၊ ကျောက်လုံးကြီး KLG တပ်မဟာ၊ မြောင်အနောက်ပိုင်း တိုက်ခိုက်ရေး CDSOM 001၊ MRTF-အရာတော်၊ စစ်ကိုင်းခရိုင်တပ်ရင်း အမှတ် ၄ MSPDF၊ Seven People Defence Force-Mandalay ၊ ပြည်သူ့အကျိုးဆောင်အဖွဲ့ (Union Brothers-UB)၊ ကြောက်ခေတ်ကို မှောက်ပစ်မယ့် ထောက်ပို့အဖွဲ့၊ ဒေါနစစ်ကြောင်းရဲ့ ဖိုးမောင်ပြန်လာပြီဇာတ်ကား ထောက်ပို့အဖွဲ့၊ မဖြူလေး၊ Support To Federal Democracy စတဲ့ ပူးပေါင်းတပ်ဖွဲ့က တိုက်ခိုက်ခဲ့တာ ဖြစ်တယ်လို့ သိရပါတယ်။

တော်လှန်ရေးတပ်ဖွဲ့တွေအနေနဲ့ နည်းပညာတွေလည်း ရှိနေပြီဖြစ်ရာ ရှေ့လျှောက်မစ်ရှင်တွေကို ဆက်လက်လုပ်ဆောင်နိုင်ဖို့အတွက် ပြည်သူတွေကလည်း ပူးပေါင်းပါ၀င်ပေးဖို့ ဒေါင်းတမန်လေကြောင်းစစ်ဆေးရေး တာ၀န်ခံက ပြောပါတယ်။

အလားတူ ဩဂုတ် ၁၃ ရက် မနက် ၄ နာရီအချိန်မှာလည်း စစ်ကိုင်းတိုင်း၊ မြောင်မြို့နယ်ရှိ စစ်ကောင်စီတပ်ဖွဲ့ တွေ အခိုင်အမာတပ်စွဲထားတဲ့ မြောင်ရဲစခန်းကို ဒေသတော်လှန်ရေးအင်အားစု ပူးပေါင်းအဖွဲ့က တိုက်ခိုက်ခဲ့ပါသေးတယ်။

မြောင်ရဲစခန်းကို တိုက်ခိုက်ခဲ့ရာမှာ မြေပြင်စစ်ရေးတွင် RPG၊ ၄၀ မမတွေနဲ့ အနီးကပ်ပစ်ခတ်ခဲ့သလို ဝေဟင်စစ်ဆင်ရေးအနေနဲ့ ဒရုန်း ၃ စီးနဲ့ ဗုံး ၈လုံး ကြဲချကာ တိုက်ခိုက်ခဲ့ကြတယ်လို့ မြောင်မြို့နယ်ပြည်သူ့ကာကွယ်ရေးနှင့် လုံခြုံရေးအဖွဲ့ခေါင်းဆောင်(CDSOM) ကိုနွေဦးက ပြောပါတယ်။

"မြောင်ရဲစခန်းထဲမှာ အချုပ်ခန်းရယ် နောက်သူတို့ အခိုင်အမာဆောက်ထားတဲ့ တိုက်ခန်းတခန်းရှိတယ်။ အတိုက်ခံရပြီးဆိုရင် အဲ့ဒီထဲပြေးပြေး၀င်ကြတာ သူတို့က။ အဲ့ဒီ‌နှစ်နေရာကို အဓိကထားပြီး လက်နက်‌ကြီးတွေနဲ့ အနီးကပ်ပစ်ခဲ့ရတာဆိုတော့ အောင်မြင်မှုရှိတယ်။ အထိအခိုက်များပြီး သေဆုံးတွေရှိနိုင်တယ်။ အသေးစိတ်တော့ အခုထိမသိရသေးဘူး" လို့ သူက ဆက်ရှင်းပြပါတယ်။ 

အဆိုပါတိုက်ခိုက်မှုတွင် စစ်ကောင်စီတပ်ဘက်က လက်နက်ကြီးတွေနဲ့ ပြန်လည်ပစ်ခတ်မှုတွေရှိခဲ့ပြီး ပူးပေါင်း အဖွဲ့တွေအနေနဲ့ ပြန်လည်ဆုတ်ခွာနိုင်သလို အခုချိန်ထိ စစ်ကောင်စီဘက်က ရဲစခန်းအတွင်း လှုပ်ရှားမှုတစုံတရာပင် မရှိဘူးလို့ သူက ပြောပါတယ်။ 

"အရင်ကဆို ခုလိုသူတို့ဘက်က တိုက်ခံရပြီဆိုရင် ဒေသခံတွေကို ထွက်ဖမ်းတာမျိုး၊ စစ်ကြောင်းထိုး ယုတ်မာတာတွေ လုပ်လေ့ရှိတယ်။ ခုတော့ တိုက်ခံရပြီး ဒီနေ့အထိ ရဲစခန်းထဲ လှုပ်ရှားမှုလည်း မတွေ့ရဘူး။ အပြင်ထွက်လိုက်ပစ်တာမျိုးလည်း မရှိဘူး။ အတော် အထိနာသွားတယ်လို့ပဲ ထင်တယ်"လို့ ကိုနွေဦး‌ (မြောင်)က ပြောပါတယ်

ဒါ့အပြင် ပူးပေါင်းအဖွဲ့တွေအနေနဲ့ မြောင်မြို့ပေါ်ရှိ ထွေအုပ်ရုံးကိုလည်း တစ်ချိန်တည်း တပြိုင်နက်တည်း ၀င်ရောက်တိုက်ခိုက်ခဲ့ကြတယ်လို့ သိရပါတယ်။

တိုက်ခိုက်မှုကို ဒရုန်းအဖွဲ့ ၃ ဖွဲ့ CDSOM အနောက်ပိုင်း  001၊ Drop For Justice MDY၊ MRTF အရာတော်အဖွဲ့နဲ့ ဒေသတော်လှန်ရေးတပ်ဖွဲ့များဖြစ်တဲ့ ဆင်ရိုင်းစစ်ကြောင်း-မြောင်၊ မြောင်မြို့နယ် ပြည်သူ့ကာကွယ်ရေးနှင့် လုံခြုံရေးအဖွဲ့(CDSOM)၊ မြောင်မြို့နယ် ပလဖ၊ စစ်ကိုင်းခရိုင် တပ်ရင်း ၁ တပ်ခွဲ ၃၊ တပ်ရင်း ၂ တပ်ခွဲ ၃၊ တပ်ရင်း ၆ တပ်ခွဲ ၃၊ မြောင်ပြည်သူ့တပ်မတော် MUA၊ မြင်းခြံခရိုင်တပ်ရင်း ၂ (PDF TALOKE နှင့် MG Ranger)၊ စဉ့်ကိုင် PDF၊ မန္တလေးတပ်ရင်း ၅(မြစ်ငယ်)၊ အညာမြေ(ကျောက်ပန်းတောင်း)၊ Liberation Army Of Central Region(LCRA)၊ Blood Brother၊ Wolf Brother၊ ဒေါင်းညီနောင်၊ စည်တော်ကြီး၊ အမရစစ်သည်တော်(အမရပူရ)၊ 11 Brothers Revolution Force အဖွဲ့တို့မှ ပူးပေါင်းတိုက်ခိုက်ခဲ့ကြတာဖြစ်တယ်လို့ သိရပါတယ်။

စာတည်း - လင်းဇေ

#မြေလတ်အသံ

#စစ်ကိုင်းတိုင်း #မုံရွာမြို့ #မြောင် #ထွေအုပ်ရုံး  #ရဲတပ်ဖွဲ့မှူးရုံး  #ဒရုန်း  #CDSOM   #PDF #သတင်း

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10