မုံရွာမြို့ပေါ် မစ်ရှင်သွားတဲ့ PDF အဖွဲ့ လှည့်ကင်းနဲ့တိုးပြီး ပစ်ခံရလို့ ၁ ဦးသေ၊ ၁ ဦးဖမ်းဆီးခံရ

မုံရွာမြို့ပေါ် မစ်ရှင်သွားတဲ့ PDF အဖွဲ့ လှည့်ကင်းနဲ့တိုးပြီး ပစ်ခံရလို့ ၁ ဦးသေ၊ ၁ ဦးဖမ်းဆီးခံရ

စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့၊ အင်းရွာသစ်ရပ်ကွက်မှာ မစ်ရှင်သွားတဲ့ PDF အဖွဲ့ဟာ စစ်ကောင်စီ လှည့်ကင်းနဲ့တိုးပြီး ပစ်ခံရလို့ ၁ ဦးသေ၊ ၁ ဦးဖမ်းဆီးခံရတယ်လို့ ဒေသကာကွယ်ရေးအဖွဲ့တွေထံက သိရပါတယ်။

ဧပြီ ၅ ရက် မနက်ပိုင်းမှာ ဒေသအခြေစိုက် PDF အဖွဲ့တခုဟာ မုံရွာမြို့ပေါ်ကို စစ်ရေးမစ်ရှင်လုပ်ပြီးပြန်လာချိန် အင်းရွာသစ်-တောင်ဘလူးကားလမ်းပေါ်အရောက် စစ်ကောင်စီအဖွဲ့ရဲ့ တိုက်ခိုက်တာကိုခံခဲ့ရတယ်လို့ ဆိုပါတယ်။

"စကစနဲ့ဆက်နွယ်သူ ဆေးဝန်ထမ်းလင်မယားကို ဖမ်းဆီးပြီးအပြန်မှာ ပစ်ခံရတာ။ တယောက်ကတော့ ပစ်ခံရပြီး နေရာမှာဆုံးသွားတယ်။ တယောက်က ပေါင်မှာထိပြီး ဖမ်းခံလိုက်ရတယ်။ ကျန်သူတွေကတော့ လွတ်မြောက်လာကြတယ်"လို့ မုံရွာမြို့နယ် ဒေသကာကွယ်ရေးအဖွဲ့ဝင်တဦးက ပြောပါတယ်။ 

စစ်ကောင်စီအဖွဲ့ရဲ့ ပစ်ခတ်တာကိုခံလိုက်ရလို့ PDF ရဲဘော်တဦးမှာ ဦးခေါင်းကျည်ထိဒဏ်ရာနဲ့ နေရာမှာ သေဆုံးပြီး ရဲဘော်တဦးကတော့ ပေါင်မှာကျည်ထိကာ ဖမ်းဆီးခံလိုက်ရပါတယ်။

ဒါ့အပြင် PDF ရဲဘော်တွေအသုံးပြုစီးလာတဲ့ ကား ၂ စီးနဲ့လက်နက်အချို့သိမ်းဆည်းခံလိုက်ရတယ်လို့ သိရပါတယ်။

စစ်ကောင်စီထောက်ခံတယ်လီဂရမ်တွေမှာတော့ PDF တပ်ဖွဲ့ဝင်တွေက ပြန်ပေးဆွဲတဲ့သဘောမျိုးဖော်ပြထားသလို ပစ်ခတ်မှုအတွင်းမှာ PDF အလောင်း ၁ လောင်းနဲ့ အရှင် ၁ ယောက်ဖမ်းမိပြီး သေနတ် ၅ လက်၊ ကား ၂ စီး၊ ကျည်အိမ် ၆ ခု၊ ကျည် ၄၀၀ ကျော်နဲ့ဆက်စပ်ပစ္စည်းအချို့ကို ဖမ်းဆီးရမိတယ်လို့ ရေးသားဖော်ပြထားကြပါတယ်။

၂၀၂၃ ဒီဇင်ဘာ ၂၉ ရက်ကလည်း မုံရွာမြို့နယ်၊ ညောင်ပင်ရွာသစ်အနီးရှိ မုံရွာမြို့နယ် ပလဖ စခန်းခွဲ ၁ ခု တိုက်ခိုက်ခံရပြီး ရဲဘော် ၁ ဦးသေဆုံးကာ ကျပ်သိန်း ၄၀၀၀ နီးပါးဆုံးရှုံးသွားခဲ့တယ်လို့ သိရပါတယ်။

စာတည်း - လင်းဇေ

#မြေလတ်အသံ

#စစ်ကိုင်းတိုင်း #မုံရွာမြို့ #အင်းရွာသစ်ရပ်ကွက် #မစ်ရှင် #PDF

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10