သတင်း
- - သတင်းတို
- - စီးပွားရေး
- - ရွေးကောက်ပွဲ
- - နိုင်ငံရေး
- - အင်တာဗျူး
- - မှုခင်း
- - ကျန်းမာရေး
- - ပညာရေး
- - အလုပ်သမား
- - သမိုင်း
- - ပေးစာ
- - စစ်ရှောင်
- - တိုက်ပွဲ
- - သဘာဝဘေး
စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့၊ လယ်တီရပ်ကွက်၊ သာစည်လမ်းမီးပွိုင့်၊ ရွှေတော်ဝင်ဆေးရုံအနီးမှာ ပစ်ခတ်မှုဖြစ်ပြီး လက်နက်ကိုင်ဆောင်ထားသူအမျိုးသား ၁ ဦးသေဆုံးကာ ဒေသခံ ၂ ဦး ဒဏ်ရာရခဲ့တယ်လို့ ဒေသခံနဲ့ တော်လှန်ရေးအဖွဲ့ဝင်တွေဆီက သိရပါတယ်။
ဇူလိုင် ၅ ရက် မနေ့ညနေ ၅ နာရီခန့်မှာ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက အိမ်စီးကားတစီးကို လိုက်လံဖမ်းဆီးရာကနေ သာစည်လမ်းမီးပွိုင့်အနီးမှာ အပြန်အလှန်ပစ်ခတ်မှုဖြစ်ခဲ့တာဖြစ်ပြီး ပစ်ခတ်မှုအတွင်း အိမ်စီးကားပေါ်ပါ လက်နက်ကိုင် ၁ ဦးသေဆုံးကာ အခင်းဖြစ်ပွားရာနေရာအနီးက လမ်းသွားလမ်းလာအမျိုးသမီး ၂ ဦး ထိခိုက်ဒဏ်ရာရရှိတာလို့ ဆိုပါတယ်။
" အဲ့ဒီနားမှာ မနေ့ညနေပိုင်းက ပစ်ခတ်မှုဖြစ်တာလို့တော့ သိရတယ်။ လမ်းသွားလမ်းလာတဲ့သူတွေ ထိခိုက်သလို စကစလိုက်ပစ်တဲ့ကားပေါ်ကသူတစ်ယောက်လည်းသေတယ်" လို့ မုံရွာမြို့ခံတဦးက ပြောပါတယ်။
အဆိုပါပစ်ခတ်မှုနဲ့ပတ်သက်ပြီး မုံရွာမြို့နဲ့အနီးတဝိုက်လှုပ်ရှားနေတဲ့ တော်လှန်ရေးအဖွဲ့ ၂ ဖွဲ့ကို ချိတ်ဆက်မေးမြန်းရာမှာ သေဆုံးသူဟာ PDF အဖွဲ့ဝင်မဟုတ်ကြောင်းနဲ့ အသေးစိတ်အခြေအနေတွေကို ဆက်လက်စုံစမ်းနေဆဲဖြစ်တယ်လို့ ဆိုပါတယ်။
"မနေ့က ပစ်ခတ်မှုဖြစ်စဥ်မှာ ခိုးဆိုးလုနှိုက်အဖွဲ့ဖြစ်ဖို့များတယ်။ PDF အဖွဲ့တွေတော့ မဟုတ်ဘူး။ စကစဘက်က လိုက်ပစ်တာကဟုတ်တယ်။ သာစည်မီးပွိုင့်နားမှာ ဖြစ်သွားတာ" လို့ မုံရွာမြို့ပေါ်က UG အဖွဲ့ဝင်တဦးကပြောပါတယ်။
ပစ်ခတ်မှုဖြစ်စဥ်အပြီး စစ်ကောင်စီအဖွဲ့ဝင်တွေက သေဆုံးလက်နက်ကိုင်အမျိုးသားရဲ့အလောင်းနဲ့ ၎င်းစီးလာတဲ့ကားကို သိမ်းဆည်းသွားတယ်လို့ ဒေသခံတွေထံကသိရပါတယ်။
စစ်ကောင်စီထောက်ခံတယ်လီဂရမ်တွေမှာတော့ နန္ဒာဝန်ရပ်ကွက်၊ ကြယ်စင်မင်းဆီဆိုင်အနီးကနေ လူ ၃ ဦးက ကားတစီးနဲ့ ငွေကျပ်သိန်း ၆၀၀ ကိုလုယူပြီး ကားမောင်းပြေးသွားလို့ လိုက်လံဖမ်းဆီးပစ်ခတ်ရာမှာ လုယက်သူ ၁ ဦးသေဆုံးပြီး ကားနဲ့သေနတ် ၁ လက်၊ ငွေကျပ်သိန်း ၆၀၀ ကိုပြန်ရခဲ့တယ်ဆိုပြီး ရေးသားဖော်ပြထားကြပါတယ်။
မုံရွာမြို့ပေါ်မှာ ဓားပြတိုက်မှု၊ လုယက်မှု၊ အနုကြမ်းစီးခံရမှုတွေ မကြာခဏဆိုသလိုဖြစ်ပွားနေပြီး ပြီးခဲ့တဲ့ မေ ၁၉ ရက် မနက်အစောပိုင်းမှာလည်း ကမ်းနားလမ်းရှိ ရွှေမိုးကုန်စုံဆိုင်ပိုင်ရှင် ဓားပြတိုက်ခံခဲ့ရတယ်လို့ သိရပါတယ်။
စာတည်း - ဟိန်းစံ
#မြေလတ်အသံ
#မုံရွာ #အပြန်အလှန် #ပစ်ခတ်မှု #လူသေဆုံး #ဒဏ်ရာရ #ခိုးဆိုးလုနှိုက်
Share Share Share