မုံရွာမြို့မှာ ၁ လကျော်အတွင်း မြွေအကောင် ၃၀ နီးပါးဖမ်းမိ

မုံရွာမြို့မှာ ၁ လကျော်အတွင်း မြွေအကောင် ၃၀ နီးပါးဖမ်းမိ

စစ်ကိုင်းတိုင်း၊ မုံရွာမြို့ပေါ်က လူနေအိမ်တွေထဲဝင်ရောက်လာကြတဲ့ မြွေတွေကို ဖမ်းဆီးရာ ၁ လကျော်အတွင်း မြွေအကောင်ရေ  ၂၈ ကောင် ဖမ်းမိတယ်လို့ ကိုယ်တိုင်သွားရောက်ဖမ်းပေးခဲ့တဲ့ မြန်မာနိုင်ငံ လူမူကယ်ဆယ်ရေးအဖွဲ့(မုံရွာ)မှ တာဝန်ရှိသူတဦးက ဆိုပါတယ်။ 

ပြီးခဲ့တဲ့ မေလ တလတည်းမှာ မြွေ ၁၃ ကောင်၊ ဇွန်လမှာ ၁၆ ရက်အထိ မြွေ ၁၅ ကောင်ကို ဖမ်းဆီးခဲ့ရပြီး မြွေအမျိုးအစားကတော့ လင်းမြွေ၊ ငန်းစောင်း၊ မြွေဟောက်၊ ထန်းမြွေ (သစ်တက်ငန်း)တို့ ဖြစ်ကြပါတယ်။

"တခါတလေဆိုရင် တရက်ခြား၊ နှစ်ရက်ခြား ဖမ်းပေးရတယ်။ အခုရက်ပိုင်းတော့ ရက်ဆက်ဆိုသလို ဖမ်းပေးနေရတယ်။ မိုးရာသီဖြစ်လို့ ပိုဖမ်းနေရတာ။ အရင် ရာသီတွေဆိုရင်လည်း ဖမ်းတော့ ဖမ်းပေးရတယ်။ ဒါပေမယ့် အကောင်အရေအတွက်က ဒီရာသီလောက် မများဘူးပေါ့"လို့ ကိုယ်တိုင်ဖမ်းပေးနေသူတဦးက မြေလတ်အသံကို ပြောပါတယ်။

မြွေတွေကို ဇွန်လ ၃ ရက်မှာ သလ္လာရပ်ကွက်မှ ၃ ကောင်၊ ၆ ရက်မှာ သလ္လာရပ်ကွက်နဲ့ နန္ဒဝန်ရပ်ကွက်မှ ၄ ကောင်၊ ၁၂ ရက်မှာ သလ္လာရပ်ကွက်မှ ၅ ကောင်၊ ၁၅ ရက်မှာ ချမ်းမြဝတီရပ်ကွက်မှ ၂ ကောင်၊ ၁၆ ရက်မှာ မြဝတီရပ်ကွက်က ၁ ကောင်တို့ အသီသီးဖမ်းဆီးခဲ့ရပါတယ်။

မြွေတွေကို အခုလိုဖမ်းဆီးရတာဟာ အိမ်ပိုင်ရှင်တွေက မြွေတွေဝင်နေတယ်ဆိုပြီး ဖမ်းပေးပါလို့ အကူအညီ တောင်းခံလာတာကြောင့် ဖမ်းပေးရတာဖြစ်သလို ဖမ်းမိတဲ့မြွေတွေကိုလည်း လူတွေ၊ နေအိမ်တွေနဲ့ဝေးတဲ့ တောထဲတွေမှာ ပြန်လွတ်ပေးလိုက်တယ်လို့ သိရပါတယ်။

ပုံစာ - မုံရွာမြို့ပေါ်မှာ မြွေလိုက်ဖမ်းပေးနေသည့် မြန်မာနိုင်ငံ လူမူကယ်ဆယ်ရေးအဖွဲ့ (မုံရွာ)


စာတည်း - လင်းဇေ

#မြေလတ်အသံ

#စစ်ကိုင်းတိုင်း #မုံရွာမြို့ #မြွေ #မြန်မာနိုင်ငံလူမူကယ်ဆယ်ရေး အဖွဲ့ (မုံရွာ)

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10