မုံရွာမြို့ လမ်းမပေါ်အုပ်စုဖွဲ့အဓမ္မပြုကျင့်ရာမှာ ပါဝင်သူတဦးကို မြို့နယ်ပလဖ ဖမ်းဆီးရမိထား    ■ စစ်မှုထမ်းသင်တန်းဆင်းထားသူဖြစ်နေ

မုံရွာမြို့ လမ်းမပေါ်အုပ်စုဖွဲ့အဓမ္မပြုကျင့်ရာမှာ ပါဝင်သူတဦးကို မြို့နယ်ပလဖ ဖမ်းဆီးရမိထား ■ စစ်မှုထမ်းသင်တန်းဆင်းထားသူဖြစ်နေ

 

စစ်ကိုင်းတိုင်း၊ မုံရွာမြို့ပေါ်မှာ ပြီးခဲ့တဲ့ဩဂုတ်လအတွင်းက ယောကျ်ားဖြစ်သူကို သတိမေ့အောင်ရိုက်နှက်ပြီးနောက် မိန်းမဖြစ်သူကို အုပ်စုဖွဲ့အဓမ္မပြုကျင့်မှုမှာ ပါဝင်သူတဦးကို  ဖမ်းဆီးရမိထားတယ်လို့ မြို့နယ်ပြည်သူ့လုံခြုံရေး(ပလဖ) အဖွဲ့ထံက သိရပါတယ်။

ဖမ်းဆီးရမိထားသူမှာ ထန်းတောအင်းစပ်ရပ်ကွက်နေ အသက် ၃၀ နှစ်ဝန်းကျင်အရွယ် အေးကျော် (ခ) ဝူခုန်းဆိုသူဖြစ်ပြီး ၎င်းနေထိုင်ရာနေအိမ်ကနေ စက်တင်ဘာလဒုတိယပတ်အတွင်းက ဖမ်းဆီးရမိခဲ့တာ လို့ ဆိုပါတယ်။

" လောလောဆယ်တော့ သူ့ကိုထောင်ပို့ထားတယ်။ သူက စစ်တပ်ကျောင်းဆင်း၊ မုဒိန်းမှု၊ လုယက်မှု၊ ခိုးမှုတွေကော အမှုပေါင်းအများကြီးနဲ့ တရားစွဲမှာပါ။ ဒါကတော့တရားသူကြီးတွေနဲ့ တိုင်ပင်ပြီးလုပ်သွားမှာပါ။ သူတို့ကျ ပိုနားလည်တယ်"လို့ မုံရွာမြို့နယ်ပလဖတာဝန်ခံက ပြောပါတယ်။

ဩဂုတ် ၂၅ ရက် ညနေပိုင်းက မုံရွာမြို့၊ ပြည်ထောင်စုလမ်းမပေါ် ဘိုးဘွားရိပ်သာအနီး မီးရထားသံလမ်းအရှေ့ဘက် ကပ်လျက်လမ်းပေါ်မှာ အသက် ၁၈ နှစ်အရွယ် ယောက်ျားဖြစ်သူကိူ ရိုက်နှက်ခံရပြီးနောက် အသက် ၁၇ နှစ်အရွယ် မိန်းမဖြစ်သူကို အုပ်စုဖွဲ့အဓမ္မပြုကျင့်မှု ဖြစ်ပွားခဲ့တာပါ။

ဖမ်းဆီးရမိထားသူ ဝူခုန်း(ခ)အေးကျော်ရဲ့ ထွက်ဆိုချက်တွေအရ အဆိုပါ အုပ်စုဖွဲ့အဓမ္မပြုကျင့်မှုကျူးလွန်သူတွေမှာ ၎င်းအပါအဝင် ၄ ဦးဖြစ်ပြီး ကျန် ၃ ဦးမှာ ဘိုဘုလုံး(ခ)လက်တို၊ ကျော်ခိုင်၊ ကဒေါင်တို့ ပါဝင်တယ်လို့ ဝန်ခံထွက်ဆိုပါတယ်။

ကောင်လေးလဲကျသွားစဉ် ဘိုဘုလုံးမှ ကောင်မလေးကိုမီးရထားသံလမ်းဘေးသို့ အတင်းဆွဲခေါ်သွားပြီး သံလမ်းဘေးတွင် ဘိုဘုလုံးမှကောင်မလေးထဘီကိုဆွဲချွတ်ပြီး မုဒိန်းကျင့်ခဲ့ကြောင်း၊ ကောင်မလေးမှ ကယ်ကြပါဦးဟုအော်ရာ မရဘဲ ကောင်မလေးလက်နှစ်ဘက်ကို ကျော်ခိုင်နဲ့ ကဒေါင်းတို့မှ ချုပ်ကိုင်ပေးထားကြောင်း၊ ၎င်းက ဘေးမှရပ်ကြည့်နေပြီး ဘိုဘုလုံးမုဒိန်းကျင့်ပြီးသွားသည့်အခါ ၎င်းမှ ကောင်မလေးကိုထပ်မံ၍ မုဒိန်းပြုကျင့်ခဲ့ကြောင်း မြို့နယ်ပလဖထံ ထွက်ဆိုထားပါတယ်။

အဆိုပါ အုပ်စုဖွဲ့အဓမ္မပြုကျင့်မှုနဲ့ပတ်သက်ပြီး နစ်နာသူမိသားစုနဲ့ နီးစပ်သူတွေရဲ့ပြောဆိုချက်တွေအရ ကျူးလွန်သူတွေမှာ ထန်းတောအင်းစပ်ရပ်ကွက် နေထိုင်သူတွေဖြစ်တာ မှန်ကန်ကြောင်းနဲ့ အခင်းဖြစ်ပြီးနောက်တရက်မှာ ၎င်းရပ်ကွက်ရှိ ကျူးလွန်သူတွေနေထိုင်ရာနေရာကို ဒေသခံတွေက ဝင်ရောက်ကာ ဖမ်းဆီးခဲ့ပေမယ့်တဦးကိုသာဖမ်းမိခဲ့ပြီး စစ်ကောင်စီလက်ထဲကို အပ်နှံခဲ့တယ်လို့ မြေလတ်အသံကို ပြောဆိုပါတယ်။

" ဟုတ်ပါတယ်။ ချိုင့်ထဲ(အဓမ္မပြုကျင့်ရာနေရာ)က သူတို့ထွက်ပြေးချိန်မှာ မြင်တဲ့အထဲသူ(အေးကျော်)ပါတယ်" လို့ နစ်နာသူနဲ့နီးစပ်သူတဦးက ပြောပါတယ်။

အေးကျော် (ခ) ဝူခုန်းကိုနေအိမ်ဝင်ရောက်ဖမ်းဆီးချိန် အထက်ပါအဓမ္မပြုကျင့်မှုအပါအဝင် ၎င်းနဲ့အတူ ရာဇဝတ်အများအပြားကျူးလွန်ထားတဲ့ ဘိုဘုလုံး(ခေါ်) လက်တို ထွက်ပြေးလွတ်မြောက်သွားတာကြောင့် သူ့ကိုပစ်ခတ်ဖမ်းဆီးဖို့အထိ လုပ်ဆောင်သွားမယ်လို့ မြို့နယ်ပလဖက ဆက်ပြောပါတယ်။

ဖမ်းဆီးရမိထားသူ အေးကျော်(ခ)ဝူခုန်းဟာ အခုနှစ်ဧပြီလအတွင်းက စစ်ကောင်စီစစ်မှုထမ်းသင်တန်းအပတ်စဉ် ၂ အတွက် စုဆောင်းခံရပြီး ကလေးမြို့ အမှတ် ၁၀ တန်းမြင့်လေ့ကျင့်ရေးကျောင်းမှာ ၂ လခွဲအကြာ စစ်သင်တန်းတက်ရောက်ပြီးနောက် မုံရွာမြို့ကိုပြန်လည်ရောက်ရှိလာကာ စစ်သားသစ်စုဆောင်းဖို့နဲ့ PDF သတင်းတွေကို စုဆောင်းပြီး နမခကိုပေးပို့ဖို့ တာဝန်ပေးအပ်ခံထားရသူဖြစ်တယ်လို့လည်း ထွက်ဆိုထားပါတယ်။

ဖမ်းဆီးရမိထားတဲ့ စစ်ကောင်စီစစ်သင်တန်းဆင်း အေးကျော်(ခ) ဝူခုန်းနဲ့အဖွဲ့မှာ  ထန်းတောအင်းစပ်ရပ်ကွက်နဲ့ လူပြတ်လပ်တဲ့ ရပ်ကွက်၊ လမ်းနေရာတွေမှာ ခိုးဆိုး၊ လုယက်၊ ခြိမ်းခြောက်ငွေတောင်း၊ လုယက်မှု၊ အဓမ္မပြုကျင့်မှု စတာတွေကို အများအပြားကျူးလွန်နေကြတယ်လို့ ဒေသခံတွေက ပြောဆိုကြသလို ၎င်းကိုယ်တိုင်လည်း ဝန်ခံထွက်ဆိုထားပါတယ်။

ပုံစာ - မုံရွာ ပလဖ ဖမ်းဆီးရမိထားသည့် အုပ်စုဖွဲ့အဓမ္မပြုကျင့်မှုမှာပါဝင်သူ အေးကျော် (ခ) ဝူခုန်း။

စာတည်း - ဟိန်းစံ

#မြေလတ်အသံ

#စစ်ကိုင်း #မုံရွာ #အုပ်စုဖွဲ့ #မုဒိမ်းကျင့် #ဖမ်းဆီး 

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10