မုံရွာမြို့အဝင်က စစ်အုပ်စု အလစ်ဝင်တိုက်ခံရလို့ ၂ ဦးသေ ၁ ဦးဒဏ်ရာရ
စစ်ကိုင်းတိုင်း မုံရွာမြို့အဝင်မှာ တပ်စွဲထားတဲ့ စစ်အုပ်စုကို ဒေသကာကွယ်ရေးတပ်ဖွဲ့ ၃ ဖွဲ့ ပေါင်းပြီး တိုက်ခိုက်ခံရလို့ ၂ ဦးသေဆုံးပြီး ၁ ဦးဒဏ်ရာရခဲ့တယ်လို့ Golden Eagle Force- Monywa-V2 အဖွဲ့ ခေါင်းဆောင်ဆီက သိရပါတယ်။
ဧပြီလ ၂၄ ရက် နေ့လယ် ၁ နာရီခွဲဝန်းကျင်လောက်မှာ မုံရွာမြို့ မန္တလေး-မုံရွာလမ်းမကြီးဘေး နတ်လူထိပ်ပန်ရပ်ကွက်က ရေဦးဆန်းဆိုင်ရှေ့မှာ တပ်စွဲထားတဲ့ အင်အား ၁၀ ဦးလောက်ရှိတဲ့ စစ်အုပ်စုကို အလစ်ဝင်ပစ်ခဲ့တာလို့ Golden Eagle Force- Monywa-V2 အဖွဲ့ခေါင်းဆောင် ဗိုလ်လင်းယုန်က ပြောပါတယ်။
သွားပစ်ခဲ့တဲ့ နေရာနဲ့ တပ်စွဲထားတဲ့နေရာက ပေ ၆၀၀ အကွာအဝေးရှိပြီး သေနတ် ၅ လက်နဲ့ပစ်ခတ်ခဲ့တာကြောင့် မျက်မြင်တွေရဲ့ပြောပြချက်အရ စစ်သား ၂ ဦး သေဆုံးပြီး ရဲတဦး လက်မောင်း သေနတ်ထိမှန်ခဲ့တယ်လို့ ဗိုလ်လင်းယုန်က ပြောပါတယ်။
"ကျနော်တို့ ပစ်ခတ်တဲ့သူတွေကတော့ တယောက်လဲကျသွားတာ မြင်လိုက်တယ်။ မျက်မြင်ပြည်သူတွေရဲ့ ပြောချက်အရတော့ ကားနဲ့ လာတင်သွားတယ်ပေါ့။ ၂ ယောက်ကတော့ သွေးအိုင်ထဲမှာ လဲကျနေတာပေါ့။ ၁ ယောက်ကတော့ လက်မောင်းထိသွားတယ်။ အဲ့ ၃ ယောက်ကို ကားနဲ့လာတင်ပြီး စစ်ဆေးရုံပို့လိုက်တယ်လို့ ပြောပါတယ်" လို့ ဆိုပါတယ်။
တိုက်ခိုက်ခံရအပြီးမှာတော့ ပစ်ခတ်ခဲ့တဲ့ အနီးပတ်ဝန်းကျင်ကို စစ်ကောင်စီဘက်က အိမ်စီးကားတွေနဲ့ ပတ်ပြီး စစ်ဆေးခဲ့တယ်လို့ ပြောပါတယ်။
တိုက်ခိုက်မှုကို Golden Eagle Force- Monywa-V2၊ အောင်ဆန်းမျိုးဆက်(မုံရွာခရိုင် တပ်ရင်း-၁၃) နဲ့ ပုဏ္ဏကပြောက်ကျားတပ်ဖွဲ့တို့က ပူးပေါင်းလုပ်ဆောင်ခဲ့တာပါ။
စာတည်း - ဇို
#မြေလတ်အသံ
Share
Share
Share