မုံရွာမြို့ မြဝတီဘဏ်ရှေ့က စစ်အုပ်စု အလစ်ဝင် တိုက်ခံရလို့ ၁ ဦးသေ (ရုပ်/သံ)
စစ်ကိုင်းတိုင်း မုံရွာမြို့ မြဝတီဘဏ်ရှေ့မှာရှိတဲ့ စစ်အုပ်စုကို ဒေသကာကွယ်ရေးတပ်ဖွဲ့ ၅ ဖွဲ့ ပေါင်းပြီး ကားနဲ့ အလစ်အငိုက်သွားရောက်ပစ်ခတ်ခဲ့လို့ ၁ ဦးသေဆုံးခဲ့တယ်လို့ Golden Eagle Force - Monywa အဖွဲ့ ခေါင်းဆောင်ဆီက သိရပါတယ်။
မေလ ၃ ရက်နေ့လယ် ၃ နာရီဝန်းကျင်လောက်က မြဝတီဘဏ်ရှေ့မှာ စစ်ကောင်စီအင်အား ၁၅ ဦးလောက်က တပ်စွဲနေပြီး အရှေ့ဘန်ကာထဲမှာရှိတဲ့ စစ်သား ၃ ယောက်ကို အလစ်ဝင်ပစ်ခဲ့တာလို့ Golden Eagle Force- Monywa အဖွဲ့ခေါင်းဆောင် ဗိုလ်လင်းယုန်က ပြောပါတယ်။
"ကျနော်တို့ မနေ့ကပစ်ခတ်ခဲ့တာမှာ တယောက်ခေါင်းထိပြီး ချက်ခြင်းသေမသွားဘူး။ မုံရွာ စစ်ဆေးရုံက သတင်းပြန်ရတာက ဒီနေ့ နေ့လယ်လောက်မှာပဲ သေသွားတယ်" လို့ ဆိုပါတယ်။
တိုက်ခိုက်ခံရအပြီးမှာတော့ ပစ်ခတ်ခဲ့တဲ့ ဘဏ်ရဲ့လမ်းတွေကိုပိတ်ထားပြီး လယ်ဇင်အဝင် ရထောင်ဘက်မှာ ပြည်သူ ၂၀ လောက်ဖမ်းသွားပြီး မုံရွာနဲ့အနီးတဝိုက်မှာ ဒီနေ့မနက် ၃ နာရီကစလို့ စစ်ကြောင်းထိုးမွှေနှောက်နေတာတွေ ရှိတယ်လို့ ပြောပါတယ်။
ဒီတိုက်ခိုက်မှုကို Golden Eagle Force- Monywa၊ မုံရွာခရိုင် အမှတ် ၂၄ တပ်ရင်း-တပ်ခွဲ ၁(Monywa Ranger Group/Truth Army)၊ ပုဏ္ဏက ပြောက်ကျားတပ်ဖွဲ့၊ တောကျွဲကြီး ပြောက်ကျားတပ်ဖွဲ့ နဲ့ Brother Revolution Force-Monywaတို့က ပူးပေါင်းလုပ်ဆောင်ခဲ့တာပါ။
တည်းဖြတ် - ငြိမ်းဇော်
#မြေလတ်အသံ
Share
Share
Share