မုံရွာမှာ ကင်းပတ်နေတဲ့ စစ်ကား ၁ စီး ပစ်ခံရလို့ ၂ ဦးသေဆုံးဟုဆို

မုံရွာမှာ ကင်းပတ်နေတဲ့ စစ်ကား ၁ စီး ပစ်ခံရလို့ ၂ ဦးသေဆုံးဟုဆို

စစ်ကိုင်းတိုင်း၊ မုံရွာမြို့စက်မှုဇုံ၊ အေးရိပ်သာလမ်းမှာ စစ်သား ၈ ဦးလိုက်ပါလာတဲ့ ကားတစီး မီးပိတ်ပြီးကင်းပတ်နေစဉ် ပစ်ခတ်တိုက်ခိုက်ခဲ့ရာ စစ်သား ၂ ဦး သေဆုံးခဲ့တယ်လို့ မုံရွာခရိုင်တပ်ရင်း ( ၂၂ ) နတ်ဆိုး တပ်ရင်းဆီက သိရပါတယ်။

ဇူလိုင် ၁၄ ရက် ည ၈ နာရီ ၁၄ မိနစ်ဝန်းကျင်မှာ မုံရွာမြို့စက်မှုဇုံ အေးရိပ်သာလမ်းမှာ ကားမီးပိတ်ကာကင်းပတ်နေတဲ့ စစ်ကောင်စီတပ်သား ၈ ဦးလောက်ပါတဲ့ Alphard ကားကို အေးရိပ်သာလမ်းနဲ့ သီရိမင်္ဂလာ လမ်းဆုံအရောက်မှာ ပစ်ခတ်တိုက်ခိုက်ခဲ့တာလို့ မုံရွာခရိုင်တပ်ရင်း(၂၂) နတ်ဆိုးတပ်ရင်း မှ တပ်ရင်းမှူး ဗိုလ်နတ်ဆိုးဒဿက ပြောပါတယ်။

“ပစ်ခတ်အချိန်က အများကြီးမရဘူး။ ကားကမီးပိတ်ပြီးတော့ မောင်းလာတာ။ လျှပ်တပြတ်ပစ်ရတာ။ စက္ကန့် ၄၀ လောက်ပဲကြာတယ်။ (ဇူလိုင် ၁၅)က စကျင်းသုဿာန်မှာ မသာချတဲ့ကား ၂ စီးနဲ့  ၂ ဦးလာချသွားတယ်။  ဒဏ်ရာရရှိတဲ့သူတွေလည်း ရှိတယ်လို့သိရတယ်” လို့ တပ်ရင်းမှူး ဗိုလ်နတ်ဆိုးဒဿက ပြောပါတယ်။

တိုက်ခိုက်မှုကို မုံရွာခရိုင်တပ်ရင်း (၂၂) နတ်ဆိုး တပ်ရင်း၊ မုံရွာခရိုင်တပ်ရင်း (၁၃) Aung San Generation နဲ့ မုံရွာမြို့နယ် (ပ.လ.ဖ) တို့က ပူးပေါင်းလုပ်ဆောင်ခဲ့တာလို့ သိရပါတယ်။

စစ်ကောင်စီရဲ့ ကင်းပတ်ကားတွေအမှတ်နဲ့ မှားယွင်းပစ်ခတ်မိတာမျိုး ဖြစ်နိုင်တဲ့အတွက် မြို့ထဲက ပြည်သူတွေအနေနဲ့ ည ၈ နာရီကျော်ရင် ကားတွေမထွက်ကြဖို့ကိုလည်း ဗိုလ်နတ်ဆိုးဒဿက ပြောပါတယ်။ 

စာလင်း - လင်းဇေ

#မြေလတ်အသံ

#စစ်ကိုင်းတိုင်း #မုံရွာမြို့ #စက်မှုဇုံ #အေးရိပ်သာလမ်း #စစ်ကောင်စီ

 

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10