မုံရွာမှာစစ်ကြောင်းထိုးနေတဲ့ စစ်အုပ်စုက ဒေသခံ ၆၀ ဝန်းကျင်ကို ဖမ်းဆီးထား

မုံရွာမှာစစ်ကြောင်းထိုးနေတဲ့ စစ်အုပ်စုက ဒေသခံ ၆၀ ဝန်းကျင်ကို ဖမ်းဆီးထား

စစ်ကိုင်းတိုင်း၊ မုံရွာမြို့နယ်၊ ကျေးရွာတွေဘက်ကို စစ်ကြောင်းထိုးနေတဲ့ စစ်ကောင်စီတပ်သားတွေက နိုဝင်ဘာ ၂၃ ရက် ဒီကနေ့အထိ ဒေသခံ ၆၀ ဝန်းကျင်ကျော်ကို ဖမ်းသွားတယ်လို့ မုံရွာခရိုင်တပ်ရင်း ၁၁ ဆီက သိရပါတယ်။

နိုဝင်ဘာာ ၁၉ ရက်မှာ မုံရွာဘက်ကနေ နိဗ္ဗာန်ဝရွာကိုစစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီ ခမရ ၇၊ ခမရ ၁၀၆၊ တမခ ၇၇၊ ခလရ ၃၀၁၊ ထပရ ၉၂၉၊ ခလရ ၅၀၊ စတရ ခွဲ ၇၇ ပူးပေါင်းအင်အား ၁၅၀ ခန့်ဟာ သံပြားကာ ကား ၄ စီး၊ ဖောကား ၁ စီးက နိဗ္ဗာန်ဝရွာနဲ့ ရွာအနီးကပ်လျက်ရှိ ရွှေမြင်းတင်တောင် ကို စစ်ကြောင်း ၂ ကြောင်းခွဲပြီး ဝင်စီးခဲ့ပါတယ်။

အဲ့ဒီလိုဝင်စီးချိန်မှာ လမ်းကနေ ဗန်စီကျေးရွာသားတွေဖြစ်တဲ့ အသက် ၄၀ အရွယ်ခန့်ရှိ ကိုငြိမ်းနဲ့ ကိုဝေလင်းသူအပြင် နောက်ထပ် အသက် ၃၀ ဝန်းကျင် အမျိုးသမီး ၁ ဦး၊ အသက် ၄၀ ကျော်အမျိုးသား ၁ ဦးကို ဖမ်းဆီးခဲ့ကာ ရွှေမြင်တင်တောင်ပေါ်မှာ ချုပ်နှောင်ထားခဲ့ပါတယ်။

အဲ့ဒီနေ့မှာတင် နိဗ္ဗာန်ဝကျေးရွာကိုဝင်ရောက်တဲ့စစ်ကြောင်းကလည်း ရွာခံ ၃၀ ကျော်ခန့်ဖမ်းဆီးပြီး ရွာဘုန်းကြီးကျောင်းထဲမှာ ဖမ်းထားခဲ့တယ်လို့ ဆိုပါတယ်။ 

နိုဝင်ဘာ ၂၁ ရက် နေ့လယ်ပိုင်းမှာတော့ ရွှေမြင်းတင်တောင်ပေါ်တပ်စွဲထားတဲ့ စစ်ကောင်စီအဖွဲ့က နိဗ္ဗာန်ဝရွာနဲ့ ၁ မိုင်ကျော်ဝေးတဲ့ ကျီးအုပ်ရွာကိုဝင်ရောက်ပြီး နေအိမ် ၁ လုံးကိုမီးရှို့ကာ ကျေးရွာထဲက နေအိမ်တွေကိုဝင်မွှေကာ စားသောက်ကုန်တွေကိုယူဆောင်ကာ ရွှေမြင်တင်တောင်ပေါ်မှာ ပြန်လည်တပ်စွဲနေထိုင်ခဲ့ပါတယ်။ 

နိုဝင်ဘာ ၂၂ ရက် မနက် ၄ နာရီခန့်မှာတော့ ရွှေမြင်တင်တောင်ပေါ်မှာတပ်စွဲထားတဲ့ စစ်ကောင်စီအဖွဲ့နဲ့ နိဗ္ဗာန်ဝကျေးရွာထဲတပ်စွဲထားတဲ့ စစ်ကောင်စီအဖွဲ့တွေဟာ ဖမ်းဆီးထားတဲ့ ဒေသခံ ၄၀ နီးပါးနဲ့ ကျီးအုပ်ရွာကျေးရွာ ဝန်းကျင်မှာ စစ်ရှောင်နေတဲ့ ဒေသခံ ၃၀ ကျော်ခန့်ကိုဖမ်းဆီးပြီး ခတ္တကန်ကျေးရွာ အနီးရှိ ဗောဓိတထောင်ဘုရားဘက်ကို ထွက်ခွာသွားခဲ့တယ်လို့ မုံရွာခရိုင် အမှတ် ၁၁ တပ်ရင်း တာဝန်ရှိသူက ပြောပါတယ်။

"နဂိုဖမ်းထားတဲ့သူတွေကော ကျီးအုပ်ကနေမှ ဓားစာခံ ၃၀ ကျော်ပါ ထပ်ခေါ်သွားတယ်။ ဓားစာခံ အကုန်လုံးဆို ၇၀ ပတ်ချာလည်လောက်ရှိမယ်။ ဗောဓိတထောင်ဘက်ကို ခေါ်သွားတာ။ ရှိသမျှ ဆန်အိတ်တွေ၊ ရိက္ခာတွေပါ အကုန်သယ်သွားတာ။ ကျနော်တို့ဆီကဟာတွေကော ရွာထဲကဟာတွေ အကုန်မ,သွားတာ။"လို့ မုံရွာခရိုင် အမှတ် ၁၁ တပ်ရင်း တာဝန်ရှိသူက ပြောပါတယ်။

စစ်ကောင်စီစစ်ကြောင်းက ဖမ်းခေါ်သွားတဲ့သူတွေထဲမှာ သတ်လတ်ပိုင်း အမျိုးသား၊ အမျိုးသမီးတွေအပြင် သက်ကြီးရွယ်အိုတွေလည်း ပါဝင်တယ်လို့ ဆိုပါတယ်။

ဖမ်းဆီးခံရသူတွေနဲ့ပတ်သက်တဲ့ အချက်အလက်တွေကိုတော့ မြေလတ်အသံက ဆက်လက်စုံစမ်းနေပါတယ်။ 

နိုဝင်ဘာ ၂၃ ရက် ဒီမနက် ၁၁ နာရီခန့်မှာတော့ ဗောဓိတထောင်ဘုရားဝန်းမှာရှိနေတဲ့ စစ်ကောင်စီအဖွဲ့တွေဟာ စစ်ကြောင်း ၂ ကြောင်းခွဲပြီး သစ်ညိုပင်ကျေးရွာဘက်ကို ၁ ကြောင်း၊ မိုးညှင်းသံဗုဒ္ဓေ ဘုရားဘက်ကို ၁ ကြောင်း ခွဲထွက်သွားတယ်လို့ မုံရွာခရိုင် အမှတ် ၁၁ တပ်ရင်း တာဝန်ရှိသူက ပြောပါတယ်။

စစ်ကြောင်းခွဲထွက်ချိန်မှာ ကျီးအုပ်ကျေးရွာက ဖမ်းဆီးလာတဲ့ သက်ကြီးပိုင်း ၁၀ ဦးကျော်ခန့်ကို ပြန်လွှတ်ပေးခဲ့ကာ ကျန်ဒေသခံ ၆၀ ဝန်းကျင်ကိုတော့ စစ်ကြောင်းတွေနဲ့အတူ ဆက်လက် ခေါ်ဆောင်သွားတယ်လို့ သိရပါတယ်။

အထက်ပါစစ်ကောင်စီအဖွဲ့တွေဟာ နိုဝင်ဘာ ၁၉ ရက်မှာ နိဗ္ဗာန်ဝရွာနဲ့ ရွှေမြင်တင်တောင်ကို ဝင်စီးချိန် မုံရွာခရိုင် PDF တပ်ရင်း ၁၁ ရှေ့တန်းစခန်း ၂ ခုကိုပါ စီးနင်းခဲ့ပါသေးတယ်။ 

စီးနင်းခဲ့ချိန်မှာတော့ ရွှေမြင်တင်တောင်ပေါ် ရှေ့တန်းကင်းစခန်းကနေ လက်လုပ်သေနတ်နဲ့ ယူနီဖောင်းအချို့၊ ဆိုင်ကယ် ၂ စီး၊ ရိက္ခာအချို့၊ နိဗ္ဗာန်ဝရွာအတွင်းစခန်းက ကား ၁ စီး၊ တပ်ဖွဲ့စာရွက်စာတမ်း၊ ရိက္ခာတွေနဲ့ ခဲယမ်းအချို့ကို စစ်ကောင်စီက သိမ်းဆည်းခဲ့တယ်လို့လည်း မုံရွာခရိုင် အမှတ် ၁၁ တပ်ရင်း တာဝန်ရှိသူက ဖြေဆိုထားပါတယ်။ 

စစ်ကောင်စီစစ်ကြောင်းပြန်ထွက်သွားချိန် နိုဝင်ဘာ ၂၂ ရက် နေ့လယ်ပိုင်းမှာ ရွှေမြင်တင်တောင်ပေါ်ကို တော်လှန်ရေးအဖွဲ့တွေဘက်က တက်ရောက်ရှင်းလင်းချိန် စစ်ကောင်စီအဖွဲ့တွေကျန်ခဲ့တဲ့ အင်အားစာရင်း၊ လက်နက်စာရင်းစာအုပ်နဲ့ ပုလင်းအသေးတလုံးနဲ့ထည့်ထားတဲ့ ဘိန်းဖြူမှုန် ၁ ပုလင်းတို့ကို တွေ့ရှိသိမ်းဆည်းရမိခဲ့တယ်လို့လည်း ဆိုပါတယ်။ 

စစ်ကောင်စီစစ်ကြောင်းဝင်လာတာကြောင့် နိဗ္ဗာန်ဝ၊ ဗန်စီ၊ ခတ္တကန်၊ ကျီးအုပ်ကျေးရွာအပါအဝင် ကျေးရွာပေါင်း ၇ ရွာလောက်က ဒေသခံ ၄,၀၀၀ ကျော် ထွက်ပြေးတိမ်းရှောင်နေကြရပြီး ဒီနေ့အထိ နေရပ်မပြန်ကြရသေးဘူးလို့ သိရပါတယ်။

ပုံစာ - စစ်ကောင်စီတပ်သားတွေမွှေနှောက်ခဲ့သည့် နိဗ္ဗာန်၀ရွာ ဘုန်းကြီးကျောင်းနှင့် ကာကွယ်ရေးတပ်ဖွဲ့၀င်များ နယ်မြေရှင်လင်းချိန်တွေ့ခဲ့သည့် ဘိန်းဖြူပုလင်း။ 

စာတည်း - လင်း 

#မြေလတ်အသံ

#စစ်ကိုင်း #မုံရွာ #စစ်ကောင်စီ #ဖမ်းဆီး #ဒေသခံ 

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10