မုံရွာမှာ မီးလောင်မှုဖြစ်ပြီး နေအိမ် ၂ လုံးပျက်စီး

မုံရွာမှာ မီးလောင်မှုဖြစ်ပြီး နေအိမ် ၂ လုံးပျက်စီး

စစ်ကိုင်းတိုင်း၊ မုံရွာမြို့ပေါ်ရှိ ရပ်ကွက်တခုမှာ သြဂုတ် ၂၁ ရက်မနက် ၁၀ နာရီကျော်မှာ မီးလောင်မှုဖြစ်ခဲ့တာကြောင့် နေအိမ် ၂ လုံး မီးလောင်ပျက်စီးခဲ့တယ်လို့ ဒေသခံတွေကပြောပါတယ်။

မုံရွာမြို့၊ နန္ဒဝန်ရပ်ကွက်ရှိ နယ်မြေ ၈၊ လမ်းသွယ် ၂ မှာရှိတဲ့ နေအိမ်တလုံးကနေ လျှပ်စစ်ဝါယာရှော့ဖြစ်ကာ မီးစတင်လောင်ခဲ့ပြီး ကူးစက်ခဲ့တာလို့ ဆိုပါတယ်။ 

"မီးအားတွေ များပြီးတော့ ရှော့ဖြစ်သွားတာ။ အိမ်မှာက လူမရှိဘူးလေ။ အလုပ်သွားကြတယ်။ (မီးလောင်တဲ့) အိမ်တွေက မြေစိုက်ပါ။ တအားကြီးမကြီးပါဘူး။"လို့ မုံရွာမြို့ခံ အမျိုးသားတဦးက မြေလတ်အသံကို ပြောပါတယ်။

မီးလောင်ပျက်စီးသွားတဲ့ နေအိမ် ၂ လုံးမှာ ဝါးထရံကာ၊ သံဖြူမိုးအိမ်တွေဖြစ်ပြီး မီးလောင်မှုဖြစ်နေချိန် အိမ်နီးချင်းတွေနဲ့ မီးသတ်ဝန်ထမ်းတွေက မီးငြှိမ်းသတ်ခဲ့ကာ ၁ နာရီခန့်အကြာမှာ မီးငြှိမ်းသတ်နိုင်ခဲ့ကြတယ်လို့ ဆိုပါတယ်။ 

မီးလောင်နေစဥ်အတွင်း မီးခိုးမွှန်ပြီးသတိလစ်သွားတဲ့ အမျိုးသမီးတဦးကိုတော့ မြန်မာနိုင်ငံ လူမှုကယ်ဆယ်ရေးအဖွဲ့(မုံရွာ)က ဆေးရုံးကိုပို့ဆောင်ပေးခဲ့တယ်လို့ မြို့ခံတွေကပြောပါတယ်။

ပြီးခဲ့တဲ့ဇူလိုင် ၉ ရက်ည ၁၀နာရီကျော်မှာလည်း မုံရွာမြို့၊အေးသာယာရပ်ကွက်မှာ မီးလောင်မှုဖြစ်ပွားခဲ့တာကြောင့် လူနေအိမ် ၁၅ လုံး ပြာကျပျက်စီးသွားခဲ့တယ်လို့ သိရပါတယ်။

စာတည်း - လင်း 

#မြေလတ်အသံ

#စစ်ကိုင်း #မုံရွာ #မီးလောင် #နေအိမ်ပျက်စီး

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10