သတင်း
- - သတင်းတို
- - စီးပွားရေး
- - ရွေးကောက်ပွဲ
- - နိုင်ငံရေး
- - အင်တာဗျူး
- - မှုခင်း
- - ကျန်းမာရေး
- - ပညာရေး
- - အလုပ်သမား
- - သမိုင်း
- - ပေးစာ
- - စစ်ရှောင်
- - တိုက်ပွဲ
- - သဘာဝဘေး
စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့၊ မုံရွာတောင်ရပ်ကွက်၊ ညောင်ရိပ်သာရပ်၊ ကမ်းနားလမ်းမှာ ကလေးငယ် ၂ ဦး အပါအဝင် အရပ်သားပြည်သူ ၅ ဦးပစ်သတ်ခံရတယ်လို့ ဒေသခံတွေထံက သိရပါတယ်။
ဩဂုတ် ၁၈ ရက် ညနေ ၃ နာရီကျော်ခန့်မှာ ဦးဇော်ညွန့်ပိုင် သဲရောင်းဝယ်ရေးလုပ်ငန်းထဲကို ဆိုင်ကယ် ၃ စီးနဲ့ လက်နက်ကိုင်အဖွဲ့ဝင် ၆ ဦးဝင်လာပြီး ဝန်းအတွင်းရှိနေသူတွေကို သေနတ်နဲ့ ပစ်ခတ်သွားတာလို့ ဆိုပါတယ်။
"သေနတ်သမားတွေက ဝန်းထဲဝင်လာပြီး ပစ်သွားတာပဲ။ အများစုက ခေါင်းထိပြီးသေတဲ့သူများတယ်။ သဲကွင်း အလုပ်သမားတွေရော၊ ပိုင်ရှင်ကလေးတွေရော ပါတယ်" လို့ ဒေသခံတဦးက ပြောပါတယ်။
သေနတ်သမားတွေ ပစ်ခတ်တာကိုခံရလို့ သဲလုပ်ငန်းပိုင်ရှင် ဦးဇော်ညွန့် ၅၀ နှစ်ခန့်၊ သဲကားယာဥ်မောင်းတွေဖြစ်တဲ့ အသက် ၄၀ ဝန်းကျင်အရွယ် ဦးကျော်ဇေယျ၊ ဦးကျော်ဇင်မင်း၊ အသက် ၄ နှစ်အရွယ် မောင်ဇွဲသီဟမာန်၊ အသက် ၉ နှစ်အရွယ် အိမ်ဂျယ်မိုးတို့မှာ ဦးခေါင်းနဲ့ ရင်ဘတ်တွေမှာ ကျည်ထိဒဏ်ရာတွေနဲ့ နေရာမှာပဲသေဆုံးခဲ့ပါတယ်။
ကလေးငယ် ၂ ဦးဟာ သဲလုပ်ငန်းပိုင်ရှင် ဦးဇော်ညွန့်ရဲ့ သားသမီးတွေဖြစ်တယ်လို့ သိရပါတယ်။
ဒါ့အပြင် အသက် ၅ နှစ်အရွယ် မောင်သီဟအောင်မှာလည်း လက်မောင်းကျည်ထိဒဏ်ရာရခဲ့တယ်လို့ ဆိုပါတယ်။
သဲလုပ်ငန်းပိုင်ရှင် ဦးဇော်ညွန့်မှာ စစ်ကောင်စီအဖွဲ့ဝင်တချို့နဲ့ လုပ်ငန်းအတူလုပ်ကိုင်တတ်တယ်လို့သာ သိရှိထားရပြီး ဘယ်အခြေအနေထိပတ်သက်မှုရှိတယ်ဆိုတာကတော့ မသိရဘူးလို့ ဒေသခံတွေက ပြောဆိုကြပြီး အဲ့ဒီပြောဆိုမှုတွေကို သီးခြားအတည်မပြုနိုင်ပါဘူး။
ပစ်ခတ်မှုကြောင့် သေဆုံးဒဏ်ရာရသူတွေကိုတော့ ဒေသခံတွေက မုံရွာပြည်သူ့ဆေးရုံကို တင်ပို့ပေးခဲ့ကြရတယ်လို့ သိရပါတယ်။
ဇူလိုင် ၅ ရက်ကလည်း မုံရွာမြို့၊ လယ်တီရပ်ကွက်၊ သာစည်လမ်းမီးပွိုင်၊ ရွှေတော်ဝင်ဆေးရုံအနီးမှာ စစ်ကောင်စီအဖွဲ့နဲ့ လက်နက်ကိုင်တချို့ပစ်ခတ်မှုဖြစ်ပြီး လက်နက်ကိုင် ၁ ဦးသေဆုံးကာ ဒေသခံ ၂ ဦး ဒဏ်ရာရခဲ့တယ်လို့ သိရပါတယ်။
စာတည်း - လင်းဇေ
#မြေလတ်အသံ
#စစ်ကိုင်းတိုင်း #မုံရွာမြို့ #ညောင်ရိပ်သာရပ် #ကမ်းနားလမ်း #ကလေး
Share Share Share