မုံရွာမှာ အပူဒဏ်ကြောင့် ၃ ရက်အတွင်း လူ ၃၀ ကျော်သေဆုံး (ရုပ်/သံ)

စစ်ကိုင်းတိုင်း၊ မုံရွာမြို့နယ်အတွင်းမှာ အပူဒဏ်ကြောင့်  ၃ ရက်အတွင်း လူ ၃၀ ကျော်သေဆုံးခဲ့တယ်လို့ ဒေသလူမှုကူညီရေးအသင်းဝင်အချို့ထံက သိရပါတယ်။

မေ ၁၇ ရက်ကနေ ၁၉ရက်အတွင်း မုံရွာမြို့ပေါ်နဲ့ အနီးဝန်းကျင်ကျေးရွာတွေက လသားအရွယ်ကလေးငယ်တွေကနေ အသက် ၁၀၀ ကျော်အရွယ်ရှိ အဖိုး၊ အဖွားတွေအထိ သေဆုံးကြတယ်လို့ဆိုပါတယ်။

"အပူချိန်ပြင်းတော့ တချို့က နေ့လယ်ရေချိုးကြတာ။ ရေချိုးပြီးမကြာဘူး သေဆုံးကြတာ။ တချို့ကျတော့လည်း အပြင်ကပြန်အလာ မူးတယ်ဆိုပြီးလှဲချသေတာ။ ကလေးငယ်တွေနဲ့ သက်ကြီးပိုင်းတွေက နေအိမ်ထဲမှာနေရင်းနဲ့ကို ဆုံးတာရှိတယ်" လို့ ကူညီဆောင်ရွက်ပေးခဲ့တဲ့ ဒေသခံပရဟိတအဖွဲ့ဝင်တဦးက မြေလတ်အသံကို ပြောပါတယ်။

သေဆုံးသူအများစုဟာ အပူဒဏ်ကြောင့် ဦးနှောက်သွေးကြောပြတ်သေဆုံးမှုများပြီး အများစုက နေအိမ်မှာချက်ချင်းသေဆုံးကြကာ အနည်းငယ်လောက်ကသာ ဆေးရုံပို့ ဆေးကုသမှုခံယူပြီးနောက် သေဆုံးကြတယ်လို့ ဆိုပါတယ်။

အပူဒဏ်ကြောင့်သေဆုံးသူအရေအတွက်ဟာ မုံရွာမြို့ပေါ်နဲ့အနီးဝန်းကျင်ရွာတွေရဲ့သေဆုံးမှုဖြစ်ပြီး မြို့နဲ့အလှမ်းဝေးတဲ့ဒေသတွေမှာလည်း သေဆုံးမှုတွေရှိနိုင်လို့ ယခုအရေအတွက်ထက် ပိုများနိုင်တယ်လို့ အဆိုပါပရဟိတအဖွဲ့ဝင်က ဆက်ပြောပါတယ်။

ပြီးခဲ့တဲ့ ၃ ရက်အတွင်း မုံရွာမြို့နယ်မှာ အပူချိန် ၄၃၊ ၄၄ ဒီဂရီစင်တီဂရိတ်အထိ အပူချိန်မြင့်တက်ခဲ့ပြီး ယင်းကဲ့သို့အပူချိန်မြင့်တက်နေတာကြောင့် ဒေသခံတွေအနေနဲ့ နေ့ခင်းနေ့လယ် အပူရှိန်ပြင်းချိန် အပြင်ထွက်သွားလာတာဂရုစိုက်ဖို့၊ အပြင်ကပြန်လာချိန်နဲ့ နေ့ခင်းနေ့လယ်တွေမှာ ရေမချိုးဖို့၊ အပူရှိန်ပြင်းချိန်မှာ အရက်သေစာသောက်စားတာမပြုကြဖို့၊ အပြင်ထွက်ချိန်အကာအကွယ်ရမယ့် ဦးထုပ်၊ ထီး၊ ခမောက်စတဲ့ အကာအကွယ်တခုခုပါမှ သွားလာကြဖို့လိုတယ်လို့ ပရဟိတလုပ်ဆောင်နေသူတွေက အကြံပြုတိုက်တွန်းထားကြပါတယ်။

စာတည်း - ဟိန်းစံ၊ တည်းဖြတ် - HP

#မြေလတ်အသံ

#မုံရွာ #အပူချိန် #မြင့်တက်မှု #လူသေဆုံးမှု #ကလေးငယ် #သက်ကြီးပိုင်း #ဒေသခံ #ပရဟိတ

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10