မုံရွာမှာ ကင်းပုန်းဝပ်နေတဲ့ စစ်သား ၂ ဦး မိုင်းဆွဲခံရပြီး သေဆုံး

မုံရွာမှာ ကင်းပုန်းဝပ်နေတဲ့ စစ်သား ၂ ဦး မိုင်းဆွဲခံရပြီး သေဆုံး

စစ်ကိုင်းတိုင်း၊ မုံရွာမြို့၊ မြို့ရှောင်လမ်းဘေးမှာ ကင်းပုန်းဝပ်နေတဲ့ စစ်ကောင်စီတပ်သား ၂ ဦးကို သြဂုတ် ၂ ရက် ဒီနေ့လယ် ၂ နာရီကျော်မှာ မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ ၂ ဦးစလုံး ပွဲချင်းပြီးသေဆုံးခဲ့တယ်လို့ ၅/ဘခက် Monywa UG အဖွဲ့ဆီက သိရပါတယ်။ 

အင်အား ၅၀ ကျော်နဲ့ အမှတ်(၂)စက်မှုဇုံထဲမှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်သားတွေထဲက စစ်သား ၆ ဦးဟာ အိမ်စီးကားအနက်ရောင်တစီးနဲ့ မြို့ကိုကင်းပတ်ပြီး စခန်းကိုပြန်လာချိန် ၂ ဦးကို မြို့ရှောင်လမ်းဘေးမှာ ကင်းပုန်းချထားခဲ့ရာ အဲ့ဒီ ၂ ဦးကို တိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်။

"ကားကိုတော့ မဆွဲလိုက်ရဘူး။ တောပုတ်ထဲ ကင်းပုန်းကျန်တဲ့ ၂ ကောင်ကိုပဲ အသင့်ထောင်ထားတဲ့ မိုင်းတလုံးနဲ့ ဆွဲလိုက်တာ။ ၂ ကောင်လုံး ပက်လက်လန်ပြီသေသွားတယ်"လို့ ၅/ဘခက် Monywa UG အဖွဲ့ခေါင်းဆောင် ဗိုလ်ဘခက် က ပြောပါတယ်။

ဒီသေဆုံးမှုနဲ့ ပတ်သက်ပြီး မြေလတ်အသံက သီးခြားအတည်မပြုနိုင်သေးပါဘူး။ 

အခုလိုမိုင်းဆွဲတိုက်ခိုက်ခဲ့ပြီးနောက် စစ်ကောင်စီတပ်သားအများအပြား မြို့ရှောင်လမ်းတလျှောက်ကို လုံခြုံရေးလာယူထားကာ လမ်းသွားလမ်းလာပြည်သူတွေကို စစ်ဆေးမှုတွေ လုပ်နေကြတယ်လို့ ဗိုလ်ဘခက်က ပြောပါတယ်။ 

ပြီးခဲ့တဲ့ဇူလိုင် ၁၃ ရက်မှာလည်း မုံရွာမြို့၊ လဝကရုံးမှာ လုံခြုံရေးယူနေကြတဲ့ စစ်ကောင်စီတပ်သားတွေကို ဒေသခံကာကွယ်ရေးတပ်တွေက လက်နက်ငယ်တွေနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့ရာ ၂ ဦးသေဆုံးပြီး ၄ ဦးဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်။

စာတည်း - လင်း

#မြေလတ်အသံ

#စစ်ကိုင်း #မုံရွာ #စစ်ကောင်စီ #သေဆုံး #တိုက်ခိုက် #၅/ဘခက်မုံရွာUG #သတင်း #မိုင်းဆွဲ 

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10