မုံရွာမှာ စက်သုံးဆီတွေ စျေးမြင့်တက်ပြီး တန်းစီဝယ်ယူနေရ    ■ ဆီဆိုင်တွေမှာ ဆီပြတ်လပ်တဲ့အထိဖြစ်ခဲ့

မုံရွာမှာ စက်သုံးဆီတွေ စျေးမြင့်တက်ပြီး တန်းစီဝယ်ယူနေရ ■ ဆီဆိုင်တွေမှာ ဆီပြတ်လပ်တဲ့အထိဖြစ်ခဲ့

 

စစ်ကိုင်းတိုင်းအတွင်း စက်သုံးဆီဝယ်ယူရောင်းချမှုကို ကန့်သတ်တော့မယ်ဆိုတဲ့ သတင်းတွေထွက်ပေါ်လာပြီး နောက် မုံရွာမြို့မှာ စက်သုံးဆီစျေးတွေ မြင့်တက်လာခဲ့ကာ တန်းစီဝယ်ယူနေရတဲ့ အခြေအနေမှာ ရှိနေတယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။

စစ်ကိုင်းတိုင်းဒေသကြီး မုံရွာမြို့မှာ ဒီဇင်ဘာ ၆ ရက်လောက်ကနေစပြီး စက်သုံးဆီစျေးတွေ မြင့်တက်လာခဲ့ရာ ဒီဇင်ဘာ ၇ ရက်မှာတော့ တန်းစီဝယ်ယူနေရပြီလို့ ဆိုပါတယ်။

ဒီဇင်ဘာ ၅ ရက်က စက်သုံးဆီ 92 ၁ လီတာကို ၃,၂၀၀ ကျပ်၊ 95 ၁ လီတာကို ၃,၅၀၀ ကျပ် ပေါက်စျေးရှိခဲ့ပေမယ့် ဒီဇင်ဘာ ၈ ရက်မှာတော့ 92 ၁ လီတာကို ၄,၄၀၀ ကျပ်၊ 95 ၁ လီတာကို ၄,၈၀၀ ကျပ်ထိ စျေးတွေ တက်လာခဲ့တယ်လို့ သိရပါတယ်။

စက်သုံးဆီစျေးတွေ မြင့်တက်လာခဲ့ပေမယ့် ဓာတ်ဆီရရှိဖို့ မနက်အစောပိုင်း ၆ နာရီလောက်ကနေစပြီး ဓာတ်ဆီဆိုင်ကြီးတွေမှာ တန်းစီဝယ်ယူနေကြရာ နေ့လယ်ပိုင်းမှာတော့ ဆီပြတ်လပ်မှုတွေထိပါ ဖြစ်ပေါ် နေတယ်လို့ ဒေသခံတွေက ဆိုပါတယ်။

"နေ့လယ် ၁၂ နာရီလောက် သွားတန်းစီရင်တောင် ဘယ်ဆိုင်မှ မရတော့ဘူး။ တန်းစီရတာပဲ အချိန်ကုန်သွားတာ။ မနက်ခင်းအစောကြီး တန်းစီတဲ့လူတွေကိုက ရာနဲ့ချီရှိတယ်။ ဒီနေ့ဆို သွားတန်းစီရင်း ဆီပြတ်သွားလို့တဲ့ ဒီတိုင်းကြီး ပြန်လာခဲ့ရတာကိုက ၄ ဆိုင်လောက်ရှိတယ်။ ဆီမရှိလို့ ဆီသွားထည့်တာ တဆိုင်နဲ့ တဆိုင် ကူးနေတာနဲ့တင် ဆိုင်ကယ်ထဲရှိတဲ့ဆီက ကုန်တော့မယ်။" လို့ ဒီဇင်ဘာ ၈ ရက်မှာ မြို့ခံအိမ်ထောင်ရှင်မတဦးက ပြောပါတယ်။

မုံရွာမြို့မှာရှိတဲ့ ပြည်မြန်မာစိုး၊ သန်းကုဋေအောင်၊ စိုး၊ ပါဝါနိုင်း၊ နယူးဒေး စတဲ့ ဆီဆိုင်ကြီးတွေမှာ ဆိုင်ကယ် ၁ စီးကို ကျပ် ၁၀,၀၀၀ ဖိုး နဲ့ ကား ၁ စီးကို ကျပ် ၃၀,၀၀၀ ဖိုးသာ အကန့်အသတ်နဲ့ ထည့်ပေးပြီး နေ့ခင်းဘက် ၁ နာရီကျော်တာနဲ့ စက်သုံးဆီ မရရှိတော့တာကြောင့် ဆိုင်တွေပါ ပိတ်ထားရတယ်လို့ မြို့ခံတွေက ပြောပါတယ်။

ဆီဆိုင်ကြီးတွေ စက်သုံးဆီ ပြတ်လပ်သွားတာကြောင့် လမ်းဘေးပန့်ဆိုင်တွေမှာ 92 ၁ လီတာကို ၅,၅၀၀ ကျပ် နဲ့ 95 ၁ လီတာကို ၅,၈၀၀ ကျပ် စျေးကြီးပေးပြီး ဆီထည့်နေရတယ်လို့ ဆိုပါတယ်။

"ပစ္စည်းပို့ရင်း ဆီပြတ်သွားမှာမို့ ရတဲ့ဆိုင် ထည့်ရတာပေါ့ဗျာ။ ပိုရမယ့်ပစ္စည်းက အချိန်နောက်ကျလို့မရတဲ့ ပစ္စည်းတွေ လည်းပါတော့ ဆီတန်းစီနေလို့ အဆင်မပြေဘူးဗျ။ အဲ့တော့ အချိန်ပုပ်မခံနိုင်တော့ စျေးကြီးပေးရလည်း လမ်းဘေးပန့်ဆိုင်တွေမှာ ထည့်ရတာပေါ့။" လို့ မုံရွာမြို့တွင်း ပစ္စည်းပို့ဆောင်ပေးရတဲ့ ဒယ်လီသမားတဦးက ပြောပါတယ်။

စက်သုံးဆီစျေးတွေ မြင့်တက်လာခဲ့ပြီး အကန့်အသတ်နဲ့ ရောင်းချတာတွေကြောင့် ကျေးရွာတွေဘက်ကနေ မုံရွာမြို့ပေါ်ကို အလုပ်လာလုပ်တဲ့ နေ့စားအလုပ်သမားတွေ၊ တောစျေးသည်တွေ၊ ကွမ်းရွက်ရွေး အမျိုးသမီးတွေနဲ့ ပစ္စည်းပို့ဆောင်တဲ့ ဒယ်လီသမားတွေအနေနဲ့ အခက်အခဲတွေ ရှိလာတယ်လို့ သိရပါတယ်။

ပြီးခဲ့တဲ့ သြဂုတ်လပိုင်းနဲ့  ၂၀၂၃ ဒီဇင်ဘာလပိုင်းကလည်း မုံရွာမြို့မှာ စက်သုံးဆီ ပြတ်လပ်မှုတွေ ဖြစ်ပေါ်ခဲ့ပြီး တန်းစီဝယ်ယူခဲ့ရသေးတယ်လို့ မြို့ခံတွေက ပြောပါတယ်။

ပုံစာ - မုံရွာမြို့က ဓာတ်ဆီဆိုင်မှာ ဆီဝယ်ရန် တန်းစီစောင့်ဆိုင်းနေရတဲ့ မြို့ခံတွေ။

သတင်း - ခေတ်သဒ္ဒါ၊ စာတည်း - JCG

#မြေလတ်အသံ

#စစ်ကိုင်းတိုင်း #စက်သုံးဆီ #ဆီဆိုင် #ဈေးမြင့် 

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10