မုံရွာမှာ စစ်ကောင်စီရဲ့ပစ်ခတ်မှုကြောင့် အမျိုးသား ၁ ဦးသေဆုံး

မုံရွာမှာ စစ်ကောင်စီရဲ့ပစ်ခတ်မှုကြောင့် အမျိုးသား ၁ ဦးသေဆုံး

စစ်ကိုင်းတိုင်း၊ မုံရွာမြို့နယ်၊ မအူစစ်ဆေးရေးဂိတ်နဲ့ မြေနဲကျေးရွာအကြား မုံရွာ-ချောင်းဦးကားလမ်းပေါ် တန်ပိုဂိတ်ဟောင်းအနီးမှာ ဆိုင်ကယ်စီးလာတဲ့အမျိုးသား ၁ ဦး စစ်ကောင်စီတပ်သားတွေပစ်တဲ့ သေနတ်ကျည်ထိမှန်ပြီးသေဆုံးခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။ 

သေဆုံးသူဟာ ချောင်းဦးမြို့နယ်၊ ကျည်ကုန်းကျေးရွာမှာနေထိုင်တဲ့ အသက် ၄၆ နှစ်အရွယ် ကိုအေးလွင် ဆိုသူဖြစ်ပြီး ဒီဇင်ဘာ ၉ ရက်နေ့လယ် ၂ နာရီခွဲလောက်မှာ ပစ်ခတ်ခံခဲ့ရတာလို့ ဒေသခံတဦးက ပြောပါတယ်။ 

ကိုအေးလွင်ဟာ သူ့ရွာကနေ မုံရွာမြို့ဘက်ကို ကွမ်းရောင်းဖို့ဆိုင်ကယ်နဲ့လာချိန် ဆိုင်ကယ်အနောက်မှာကပ်ပါလာတဲ့ စစ်ကိုင်း တမခ ၃၃ က စစ်ကောင်စီယာဥ်တန်း မိုင်းဆွဲခံခဲ့ရပြီးနောက်မှာ ကားပေါ်ပါလာတဲ့ စစ်သားတွေက အနီးဝန်းကျင်ကိုပစ်ခတ်ရာ ကိုအေးလွင်ကို ထိမှန်ခဲ့တာပါ။ 

"မိုင်းဆွဲခံရတယ်ဆိုတော့ သူ(ကိုအေးလွင်)ဆွဲတယ်ထင်ပြီး ပြည်သူတွေဘာတွေမသိဘူး ပစ်တာ။ မအူဂိတ်က ပစ်တာမဟုတ်ဘူး။ **ကားပေါ်က ပစ်တာမှာ ထိတာ။ တည်ပစ်သွားတာလို့ပြောတယ်။" လို့ ဒေသခံတဦးက ပြောပါတယ်။

မိုင်းဆွဲခံရလို့ စစ်ကောင်စီတပ်သား ၃ ဦးလည်း ထိခိုက်ဒဏ်ရာရကာ ယာဥ်တန်းကတော့ မုံရွာမြို့ဘက်ကို ဆက်မောင်းသွားတယ်လို့သိရကြောင်း သူကပြောပါတယ်။

အဲ့ဒီနောက် ဖြစ်စဥ်ဖြစ်တဲ့နေရာကို မအူစစ်ဆေးရေးဂိတ်က စစ်ကောင်စီအဖွဲ့တွေရောက်လာပြီး လမ်းသွားဆိုင်ကယ်နဲ့ကားတွေကို ဖြတ်သန်းခွင့်မပြုဘဲ ပိတ်ဆို့စစ်ဆေးမှု တနာရီခန့်ပြုလုပ်ခဲ့တယ်လို့ ဆိုပါတယ်။ 

စစ်ကောင်စီယာဥ်တန်းကို ဘယ်အဖွဲ့ကမိုင်းဆွဲတိုက်ခိုက်တယ်ဆိုတာကိုတော့ မသိရှိရသေးပါဘူး။ 

ပြီးခဲ့တဲ့ ဇွန် ၁၀ ရက်မှာလည်း မုံရွာမြို့နယ်၊ ထနောင်းတောကျေးရွာအနီးမှာ အလုပ်ကိစ္စသွားတဲ့ PDF တပ်ဖွဲ့ဝင်တွေ စစ်ကောင်စီကင်းပုန်းနဲ့တွေ့ပြီး ပစ်ခံရတဲ့အတွက် ၃ ဦးသေဆုံးတဲ့ ဖြစ်စဥ် ရှိခဲ့ပါသေးတယ်။ 

စစ်အာဏာသိမ်းချိန်ကနေ ၂၀၂၄၊ ဒီဇင်ဘာ ၁၀ ရက်အထိ စစ်ကောင်စီနဲ့၎င်းရဲ့လက်အောက်ခံတွေကြောင့် သေဆုံးခဲ့ရတဲ့ပြည်သူစုစုပေါင်း ၆,၀၃၅ ဦးရှိပြီလို့ နိုင်ငံရေးအကျဥ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း - AAPP က ထုတ်ပြန်ထားပါတယ်။ 

စာတည်း - လင်း 

#မြေလတ်အသံ

#စစ်ကိုင်း #မုံရွာ #ဒေသခံ #ပစ်ခတ်ခံရ #သေဆုံး #စစ်ကောင်စီ #မိုင်းဆွဲ 

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10