မုံရွာမှာ စစ်တပ်က ရွာကိုမီးတင်ရှို့ပြီး ရွာခံ ၅၀ နီးပါးကိုဖမ်းသွား၊ မီးလောင်ပြင်ထဲသေဆုံးနေတဲ့ အရပ်သားအလောင်း ၄ လောင်းတွေ့ရှိထား

မုံရွာမှာ စစ်တပ်က ရွာကိုမီးတင်ရှို့ပြီး ရွာခံ ၅၀ နီးပါးကိုဖမ်းသွား၊ မီးလောင်ပြင်ထဲသေဆုံးနေတဲ့ အရပ်သားအလောင်း ၄ လောင်းတွေ့ရှိထား

စစ်ကိုင်းတိုင်း၊ မုံရွာမြို့နယ်၊ သက္ကယ်ကျင်းကျေးရွာကို စစ်ကောင်စီက အကြောင်းရင်းမရှိဘဲ ဝင်ရောက်မီးရှို့ဖျက်ဆီးသွားပြီး ရွာခံ ၅၀ နီးပါးကို ဖမ်းဆီးသွားကာ မီးလောင်ပြင်အတွင်းသေဆုံးနေတဲ့ အမျိုးသမီး ၃ ဦးနဲ့ အမျိုးသား ၁ ဦးကိုလည်းတွေ့ရတယ်လို့ ဒေသခံတွေနဲ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေထံက သိရပါတယ်။

မတ် ၁၄ ရက် မနေ့ နေ့လယ် ၁နာရီဝန်းကျင်က မုံရွာကနေ ကား ၂ စီး အင်အား ၆၀ ဝန်းကျင်နဲ့လာတဲ့ စစ်ကြောင်းက ရွာရဲ့ အရှေ့ဘက်နဲ့ အနောက်ဘက်ကနေ စစ်ကြောင်း ၂ ခုခွဲဝင်ကာ နေ့လယ် ၂နာရီမှာ ရွာကို မီးစရှို့တာလို့ ဆိုပါတယ်။

“သေနတ်တွေပစ်ဖောက်ပြီး နှစ်ဘက်ညှပ်ဝင်တာ၊ ဘာမှလုပ်ချိန်မရလိုက်ကြဘူး၊ အသက်ကြီးတဲ့သူတွေ ပစ်ထားခဲ့ရတယ်။ ရုတ်တရက်ဝင်လာတော့ တချို့ရှောင်ချိန်မရဘူး။ ဘာပစ္စည်းမှ ယူချိန်မရလိုက်ဘဲ ကိုယ်လွတ်ရုန်းပြေးကြတာ၊ လာငြှိမ်းတဲ့သူတွေကိုလည်း ပစ်ခတ်နေလို့ ပြန်ပြေးခဲ့ရတယ်”လို့ မုံရွာဒေသခံအမျိုးသမီးတဦးက မြေလတ်အသံကို ပြောပါတယ်။

အိမ်ခြေ ၈၀၀ ကျော်ရှိတဲ့ သက္ကယ်ကျင်းရွာဟာ မီးရှို့ခံရမှုကြောင့် အိမ်ခြေ ၄၀၀ နီးပါး မီးထဲပါခဲ့ပြီး ဒီကနေ့မနက် နယ်မြေရှင်းလင်းရေးလုပ်ချိန်မှာ မီးလောင်ပြင်အတွင်း အသက် ၅၀ အရွယ် အမျိုးသမီး ၂ ဦိး၊ အသက် ၈၀ အရွယ် အမျိုးသမီး ၁ ဦးနဲ့  အသက်မသိရသေးတဲ့ အမျိုးသား ၁ ဦးတို့ကို မီးလောင်ဒဏ်ရာတွေနဲ့ သေဆုံးလျက်တွေ့ရှိထားတယ်လို့ ဆိုပါတယ်။

“သေဆုံးသူ(အမျိုးသား)က အကင်ရောင်းတဲ့သူပါ၊ အိမ်သာထဲမှာလည်း လူသေ ၂ လောင်း တွေ့တယ်။ ဒီမနက်မှ အလောင်းတွေ တွေ့ရတာပါ။ ထပ်လည်း တွေ့နိုင်သေးတယ်၊ လူပျောက်တွေ အရမ်းများတယ်၊ ဓားစာခံတွေလည်း ဖမ်းခေါ်သွားတယ်။ အာ့ကြောင့် ဘယ်သူသေလည်း၊ ဖမ်းလည်း တိတိကျကျ မသိသေးဘူး”လို့ နယ်မြေရှင်းလင်းရေးလုပ်ဆောင်ပေးခဲ့တဲ့  မုံရွာခရိုင် PDFတပ်ရင်း ၄၊ တပ်ခွဲ ၂ ပြန်ကြားရေးတာဝန်ရှိသူ Zapyaက ပြောပါတယ်။

စစ်ကောင်စီက ရွာထဲကို ရုတ်တရက်ပစ်ခတ်ဝင်လာတာဖြစ်တဲ့အတွက် ပြေးချိန်မရလိုက်တဲ့ ပြည်သူ ၅၀ နီးပါးကိုလည်း ဓားစာခံအဖြစ် ဖမ်းဆီးခေါ်ဆောင်သွားကာ အဲ့ဒီထဲမှာ ကလေးမိခင်တွေလည်း ပါဝင်နေပြီး နို့စို့အရွယ်ကလေးငယ်တွေက ရွာမှာကျန်ခဲ့တယ်လို့ သိရပါတယ်။

အခုလက်ရှိ သက္ကယ်ကျင်းရွာက ပြည်သူအားလုံး စစ်ရှောင်နေရပြီး ရုတ်တရက် ထွက်ပြေးရတာဖြစ်တဲ့အတွက် စားဝတ်နေရေး၊အခက်ခဲတွေ ကြုံနေရကာ အစားအသောက်နဲ့အဝတ်ထည်တွေ အရေးပေါ် လိုအပ်နေတယ်လို့ သိရပါတယ်။

စာတည်း - ရင်ငြိမ်း

#မြေလတ်အသံ

#မုံရွာ #စစ်ကောင်စီတပ် #မီးရှို့ #ဖမ်းဆီး #အရပ်သားသေဆုံး

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10