မုံရွာမှာ စစ်အုပ်စုဖမ်းဆီးထားတဲ့ ဒေသခံ ၆၀ ဝန်းကျင်ပြန်လွတ်ပြီး ၄ ဦးကို ဆက်ဖမ်းထား

မုံရွာမှာ စစ်အုပ်စုဖမ်းဆီးထားတဲ့ ဒေသခံ ၆၀ ဝန်းကျင်ပြန်လွတ်ပြီး ၄ ဦးကို ဆက်ဖမ်းထား

စစ်ကိုင်းတိုင်း၊ မုံရွာမြို့နယ်၊ ကျေးရွာတွေဘက်ကို စစ်ကြောင်းထိုးနေတဲ့ စစ်ကောင်စီတပ်သားတွေက ဖမ်းဆီးသွားတဲ့ ဒေသခံ ၆၀ ဦးဝန်းကျင်ပြန်လွတ်ပြီး ၄ ဦးကိုတော့ ဆက်ဖမ်းသွားတယ်လို့ မုံရွာခရိုင် တပ်ရင်း ၁၁ ဆီက သိရပါတယ်။

စစ်ကောင်စီစစ်ကြောင်းထိုးတဲ့ နိုဝင်ဘာ ၁၉ ရက်ကစတင်ကာ နိဗ္ဗာန်ဝရွာ၊ ကျီးအုပ်ရွာနဲ့ ကြေးမုံရွာက ဖမ်းဆီးခံထားရတဲ့ အထက်ပါဒေသခံ ၆၀ ဝန်းကျင်ကို နိုဝင်ဘာ ၂၃ ရက် ညနေ ၅ နာရီကျော်က မုံရွာမြို့အဝင် မုံရွေးဂိတ်အရောက်မှာ ပြန်လွှတ်ပေးခဲ့တာပါ။ 

ဒါပေမယ့် ဗန်စီကျေးရွာသား အသက် ၄၀ အရွယ် ကိုငြိမ်း၊ ကိုဝေလင်းသူ၊ ကြေးမုံရွာနေ အသက် ၃၀ အရွယ် မချောစုနဲ့ အသက် ၄၀ အရွယ် ကိုဝင်းဇော်တို့ကိုတော့ စစ်ကြောင်းနဲ့အတူ မုံရွာစီးပွားရေး တက္ကသိုလ်ဝန်းထဲကို ခေါ်သွားတယ်လို့ ဆိုပါတယ်။ 

"ရွှေမြင်တင်တောင်ပေါ်မှာ သူတို့(စကစ)ဓာတ်ပုံရိုက်တင်ထားတဲ့ ၄ ယောက်ပဲ ဆက်ခေါ်သွားတာ။ ကျန်သူ အကုန်ပြန်လွှတ်ပေးလိုက်တယ်။ မိန်းကလေးတွေ အရင်လွှတ်ပေးလိုက်တယ်။ ပြီးမှ ယောကျ်ားလေးတွေကို ပြန်လွှတ်ပေးလိုက်တာ။"လို့  မုံရွာခရိုင် အမှတ် ၁၁ တပ်ရင်း တာဝန်ရှိသူက ပြောပါတယ်။

စစ်ကောင်စီစစ်ကြောင်းက မုံရွာမြို့ထဲပြန်ရောက်သွားပြီဖြစ်လို့ ကျေးရွာတွေကနေ ထွက်ပြေးနေရတဲ့ ဒေသခံအများစုက ကျေးရွာတွေထဲကိုပြန်လည်ဝင်ရောက်နေထိုင်တာတွေရှိနေပြီး အနည်းစုကတော့ ပြန်မဝင်ရဲသေးဘဲ အခြေအနေကိုစောင့်ကြည့်နေကြတယ်လို့ သူက ပြောပါတယ်။ 

စစ်ကောင်စီစစ်ကြောင်းဝင်လာတာကြောင့် နိဗ္ဗာန်ဝ၊ ဗန်စီ၊ ခတ္တကန်၊ ကျီးအုပ်ကျေးရွာအပါအဝင် ကျေးရွာပေါင်း ၇ ရွာလောက်က ဒေသခံ ၄,၀၀၀ ကျော် ထွက်ပြေးတိမ်းရှောင်ခဲ့ရတယ်လို့ သိရပါတယ်။

နိုဝင်ဘာ ၁၉ ရက်မှာ မုံရွာဘက်ကနေ နိဗ္ဗာန်ဝရွာကိုစစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီ ခမရ ၇၊ ခမရ ၁၀၆၊ တမခ ၇၇၊ ခလရ ၃၀၁၊ ထပရ ၉၂၉၊ ခလရ ၅၀၊ စတရခွဲ ၇၇ ပူးပေါင်းအင်အား ၁၅၀ ခန့်ဟာ သံပြားကာ ကား ၄ စီး၊ ဖောကား ၁ စီးက နိဗ္ဗာန်ဝရွာနဲ့ ရွာအနီးကပ်လျက်ရှိ ရွှေမြင်းတင်တောင်ပေါ်က မုံရွာခရိုင် PDF တပ်ရင်း ၁၁ ရှေ့တန်းစခန်း ၂ ခုကို စီးနင်းခဲ့တာကြောင့် လက်နက်နဲ့ ဆက်စပ်ပစ္စည်းတချို့ကို သိမ်းဆည်းခံခဲ့ရတယ်လို့ မုံရွာခရိုင် အမှတ် ၁၁ တပ်ရင်း တာဝန်ရှိသူက ဖြေဆိုထားခဲ့ပါတယ်။

စစ်အာဏာသိမ်းချိန်ကနေ နိုဝင်ဘာ ၂၂ ရက်အထိ အာဏာသိမ်းဖြစ်စဥ်နဲ့ဆက်စပ်ပြီး ဖမ်းဆီးခံထားရသူ ၂၇၇၀၂ ဦးရှိပြီး အဲ့ဒီထဲက ၂၁၁၄၅ ဦးကတော့ ထိန်းသိမ်းခံထားရဆဲ ဖြစ်တယ်လို့ နိုင်ငံရေးအကျဥ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း - AAPP က ထုတ်ပြန်ထားပါတယ်။ 

ပုံစာ - စစ်ကောင်စီက ဆက်လက်ဖမ်းဆီးထားသည့် ဒေသခံ ၄ ဦး။ 

စာတည်း - လင်း 

#မြေလတ်အသံ

#စစ်ကိုင်း #မုံရွာ #စစ်တပ် #အရပ်သား #ဖမ်းဆီး 

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10