သတင်း
- - သတင်းတို
- - စီးပွားရေး
- - ရွေးကောက်ပွဲ
- - နိုင်ငံရေး
- - အင်တာဗျူး
- - မှုခင်း
- - ကျန်းမာရေး
- - ပညာရေး
- - အလုပ်သမား
- - သမိုင်း
- - ပေးစာ
- - စစ်ရှောင်
- - တိုက်ပွဲ
- - သဘာဝဘေး
စစ်ကိုင်းတိုင်း၊ မုံရွာမြို့မှာ တရက်တည်း လူငယ် ၁၀၀ နီးပါးကို စစ်ကောင်စီက အဓမ္မဖမ်းဆီးသွားတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
ဩဂုတ် ၂၅ ရက် မနေ့မနက်အစောပိုင်းကစတင်ကာ မုံရွာမြို့ပေါ်ရှိ ဗိုလ်ချုပ်လမ်းမကြီး၊ မြို့ပေါ်ရပ်ကွက်တွေ၊ လမ်းဆုံလမ်းခွတွေနဲ့ မြို့အနီးနားကကျေးရွာတွေမှာ စစ်ကောင်စီကပေါ်တာဆွဲ ဖမ်းဆီးတာတွေ လုပ်ဆောင်နေတယ်လို့ ဆိုပါတယ်။
“ဆိုးတယ်ဗျ။ မြို့ထဲ ရပ်ကွက်တွေထဲ ကင်းပတ်တာ အချုပ်ကားပါတယ်။ အမေးအမြန်းမရှိ ခေါ်တင်သွားကြတာ။ လမ်းသွားလမ်းလာနဲ့ အိမ်ထဲနေတဲ့လူငယ်တွေကို စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက ကားတွေ၊ ဆိုင်ကယ်တွေပေါ် အတင်းတွန်းတင်ပြီး ခေါ်ဆောင်သွားတာ။”လို့ မုံရွာဒေသခံတဦးက ပြောပါတယ်။
နန္ဒဝန်ရပ်ကွက်၊ သိင်္ဂီရပ်ကွက်၊ မြဝတီရပ်ကွက်၊ ကူးတို့ကုန်းရပ်ကွက်၊ မုံရွာ-အမြင့်လမ်းပိုင်း၊ မုံရွာမြို့တောင်ပိုင်းကျေးရွာနေအိမ်တွေနဲ့ လမ်းမတွေပေါ်မှာဖမ်းဆီးတာအပြင် မြို့ပေါ် လုပ်ငန်းခွင်တွေထဲလည်း ဝင်ရောက်ဖမ်းဆီးမှုတွေရှိနေတယ်လို့ ဆိုပါတယ်။
“ပေါ်တာဆွဲ တော်တော်ကြမ်းတယ်။ နေရာအနှံ့ ၁၀၀ နီးပါးလောက် ပါသွားတယ်ကြားတယ်။ ပေါင်မုန့်ဆိုင် အလုပ်သမားတွေရော။” လို့ နောက်ထပ်ဒေသခံတဦးက ပြောပါတယ်။
ဖမ်းဆီးခံလိုက်ရတဲ့သူတွေကို မုံရွာ နမခ ကို ပို့မယ်လို့ယူဆရပေမယ့် ဘယ်နေရာကိုပို့မယ်ဆိုတာကိုတော့ အတိအကျမသိရသေးဘူးလို့ ဆိုပါတယ်။
သြဂုတ် ၂၆ ရက် ဒီနေ့မှာလည်း စစ်ကောင်စီအဖွဲ့တွေက ပြည်တော်သာ၊ ရေကူးကန်လမ်းဆုံ၊ မုံရွေးရွာ၊ အေးသာယာရပ်ကွက်အတွင်းနဲ့ အေးစိမ့်နန္ဒာကန်အနီးမှာ စစ်ဆေးရေးတွေလုပ်နေတယ်လို့ သိရပါတယ်။
မုံရွာ-အမြင့်လမ်းပေါ်မှာ ခရီးသွားကားနဲ့ ဆိုင်ကယ်တွေကိုတားပြီး အမျိုးသားတွေကို ဖမ်းဆီး ခေါ်ဆောင်နေတဲ့အတွက် ယာယီလမ်းပိတ်ကြောင်း မုံရွာ-အမြင့်လမ်း သတင်းမှန် ပြန်ကြားရေးအဖွဲ့ကလည်း သတိပေးစာထုတ်ပြန်ထားပါတယ်။
ပုံစာ - မုံရွာမြို့ပေါ်တွင် စစ်ဆေးရေးလုပ်နေသည့် စစ်ကောင်စီအဖွဲ့ဝင်များ။ (ပုံဟောင်း)
စာတည်း - လင်း
#မြေလတ်အသံ
#စစ်ကိုင်း #မုံရွာ #ဖမ်းဆီး #ပေါ်တာ #စစ်ကောင်စီ
Share Share Share