မုံရွာမှာ တိုက်ပွဲဖြစ်ပြီး နှစ်ဖက်သေဆုံးမှုရှိ

မုံရွာမှာ တိုက်ပွဲဖြစ်ပြီး နှစ်ဖက်သေဆုံးမှုရှိ

စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့နယ်၊ ခေတ္တက္ကန်တောင်ကျေးရွာ၊ ဗောဓိတထောင်ဘုရားအနီး ကျောက်ကြီးတောင်မှာ တပ်စွဲထားတဲ့ စစ်ကောင်စီအဖွဲ့ကို သွားရောက်တိုက်ခိုက်ခဲ့ပြီးနောက် တိုက်ပွဲဖြစ်ပြီး နှစ်ဖက်သေဆုံးမှု ရှိခဲ့တယ်လို့ ဒေသကာကွယ်ရေးအဖွဲ့ဝင်တွေဆီက သိရပါတယ်။

နိုဝင်ဘာလ ၂၄ ရက် ဒီမနက် ၄ နာရီကျော်မှာ အင်အား ၅၀ ဝန်းကျင်ရှိ စစ်ကောင်စီတပ်စွဲထားတဲ့နေရာကို မုံရွာခရိုင်နဲ့ မြို့နယ် ပကဖ အဖွဲ့ဝင်တွေအပါအ၀င် ပူးပေါင်းတပ်တွေက ဝင်ရောက်တိုက်ခိုက်ခဲ့ရာမှာ တိုက်ပွဲဖြစ်ခဲ့တာလို့ ဆိုပါတယ်။

"အဲ့မှာက စကစဘက်က တပ်စွဲထားတာကြာပြီ။ တိုက်ပွဲက အချိန်တော်တော်ကြာ ဖြစ်လိုက်တယ်။ နေ့လယ်မရောက်ခင်မှာတော့ တိုက်ပွဲက ပြီးသွားတယ်"လို့ ဒေသကာကွယ်ရေး အဖွဲ့ဝင်တဦးကပြောပါတယ်။

အဆိုပါ တိုက်ပွဲမှာ စစ်ကောင်စီဘက်က ရဟတ်ယာဥ်ပစ်ကူနဲ့ ကျောက်ဆစ်ကုန်းဘက်က လက်နက်ကြီးပစ်ကူတွေ ပေးခဲ့တာကြောင့် စခန်းမသိမ်းနိုင်ခဲ့ဘူးလို့ ဆိုပါတယ်။

တိုက်ပွဲအတွင်းမှာ စစ်ကောင်စီဘက်က ၅ ဦးထက်မနည်းသေဆုံးပြီး ကာကွယ်ရေးတပ်တွေဘက်ကလည်း သေဆုံးသူတွေရှိကာ အရေအတွက်ကိုတော့ ပြောလို့မရသေးဘူးလို့ မြေပြင်တိုက်ခိုက်ရေး ရဲဘော်တဦးက ဆိုပါတယ်။

စစ်ကောင်စီဝါဒဖြန့် တယ်လီဂရမ်ချန်နယ်တွေမှာတော့ ဗောဓိတထောင်ဘုရားအနီးတိုက်ပွဲမှာ PDF တွေဘက်က ၂ ဦးကျဆုံးထားပြီး RPG ၁ လက်၊ M22 ၁ လက်၊ အိုင်ကွန် ၃ လုံးနဲ့ ၄၀ မမ ဗုံးသီးအချို့သိမ်းဆည်းရမိထားတယ်လို့ ဖော်ပြပါတယ်။ 

နှစ်ဖက် ထိခိုက်သေဆုံးအရေအတွက်နဲ့ နောက်ဆက်တွဲအခြေအနေတွေကိုတော့ မြေလတ်အသံ အတည်ပြုနိုင်ဖို့ စုံစမ်းနေပါတယ်။

ပြီးခဲ့တဲ့ ဇူလိုင် ၂၈ ရက်ကလည်း မုံရွာအခြေစိုက် အနောက်မြောက်တိုင်းစစ်ဌာနချုပ်ရှိ အရာရှိလိုင်းခန်းကို ဒေသခံကာကွယ်ရေးတပ်တွေက ရှော့တိုက်ဒုံးနဲ့ပစ်ခတ်လို့ စစ်ကောင်စီဘက်က  ၅ ဦး ထိခိုက်ခဲ့တယ်လို့ သိရပါတယ်။

ပုံစာ - စစ်တပ်ဝါဒဖြန့်ချန်နယ်များတွင် ဖော်ပြထားသည့် ကျဆုံးရဲဘော်များနှင့် လက်နက်ပစ္စည်းအချို့။

စာတည်း - လင်း 

#မြေလတ်အသံ

#စစ်ကိုင်း #မုံရွာ #ခေတ္တက္ကန်တောင်ကျေးရွာ #တိုက်ပွဲဖြစ် #နှစ်ဖက်သေဆုံးမှုရှိ #သတင်း #မြေလတ်သတင်း

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10