မုံရွာမှာ ဓါးပြတိုက်ပြီး ပစ်ခတ်လို့ အမျိုးသားတဦး ဒဏ်ရာရ၊ ကားနဲ့ပစ္စည်းအချို့ပါသွား

မုံရွာမှာ ဓါးပြတိုက်ပြီး ပစ်ခတ်လို့ အမျိုးသားတဦး ဒဏ်ရာရ၊ ကားနဲ့ပစ္စည်းအချို့ပါသွား

စစ်ကိုင်းတိုင်း၊ မုံရွာမြို့၊ အောင်ချမ်းသာရပ်ကွက်၊ သဲအင်းဂူလမ်းက နေအိမ်တအိမ်မှာ ဓါးပြတိုက်ပြီး ပစ်ခတ်ခံရလို့ အမျိုးသား ၁ ဦးဒဏ်ရာရတဲ့အပြင် ကားနဲ့ပစ္စည်းတွေလည်း ပါသွားတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

 

ဇူလိုင် ၄ ရက် မနေ့ညနေ ၄ နာရီလောက်မှာ သဲအင်းဂူလမ်းက အိမ်တအိမ်ကို ဆိုင်ကယ်နဲ့ လူတစုရောက်လာကာ သေနတ်ပြပစ္စည်းယူပြီး ပြန်အထွက်မှာ အိမ်ရှင်ရဲ့ မောင်ဖြစ်သူ အသက် ၄၀ အရွယ် ဦးကျော်စွာလှိုင်က အော်ဟစ်အကူအညီတောင်းချိန် သေနတ်နဲ့ ပစ်ခံလိုက်ရတာလို့ ဆိုပါတယ်။ 

 

"ဖြစ်တာက ကျောင်းဆရာမအိမ်လို့ သိရတယ်။ အနုကြမ်းစီးတဲ့သဘောမျိုး သေနတ်ပြ ပစ္စည်းယူပြီး ပြန်အထွက် ဆရာမမောင်က အော်ဟစ်လို့ ပစ်ခံလိုက်ရတာ မစိုးရိမ်ရဒဏ်ရာတော့ ရသွားတယ်"လို့ ဒေသခံတဦးကပြောပါတယ်။

 

အဲ့ဒီ လက်နက်ကိုင်အဖွဲ့မှာ အင်အား ၅ ဦးလောက်ပါပြီး ၂ ဦးက အိမ်ထဲကိုဝင် လက်နက်ပြ ပစ္စည်းတောင်းကာ ကျန်သူတွေကတော့ အိမ်ရှေ့မှာ ကျန်ခဲ့ကြတာလို့လည်း သိရပါတယ်။ 

 

ကျောင်းဆရာမစီးတဲ့ ဟွန်ဒါအမျိုးအစား ကားသေး ၁ စီး၊ ဆိုင်ကယ် ၁ စီး၊ ရွှေဆွဲကြိုးနဲ့ လက်ကောက်တွေကို ယူဆောင်သွားပြီး သေနတ်နဲ့ပစ်ခံရတဲ့ ဦးကျော်စွာလှိုင်ကတော့ လက်မောင်းမှာ ကျည်ထိဒဏ်ရာရပြီး မုံရွာဆေးရုံကို ပို့ထားရတယ်လို့ ဒေသခံတဦးက ပြောပါတယ်။ 

 

ဖေဖော်ဝါရီလ ၂၂ ရက်ကလည်း မုံရွာမြို့၊ ရန်ကင်းရပ်ကွက်၊ ကျောက္ကာလမ်းရှိ mobile 1 ဖုန်းဆိုင် ဓားပြတိုက်ခံရပြီး ဗုံးပစ်ခံရလို့ ဝန်ထမ်း ၄ ဦး ဒဏ်ရာရကာ ငွေနဲ့ပစ္စည်းတွေတော့ ပါမသွားဘူးလို့ သိရပါတယ်။ 

 

စာတည်း - လင်း 

 

#မြေလတ်အသံ

#စစ်ကိုင်း #မုံရွာ #ဓါးပြတိုက် #ပစ်ခတ် #ဒဏ်ရာရ

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10