မုံရွာမှာ ပျူစောထီးတွေက ရွာကိုဝင်စီးကာ အမျိုးသား ၄ ဦးကို ဖမ်းဆီးသွားပြီးနောက် ပစ်သတ်ခဲ့

မုံရွာမှာ ပျူစောထီးတွေက ရွာကိုဝင်စီးကာ အမျိုးသား ၄ ဦးကို ဖမ်းဆီးသွားပြီးနောက် ပစ်သတ်ခဲ့

စစ်ကိုင်းတိုင်း၊ မုံရွာမြို့နယ်၊ ပရစ်ကုန်းတောင်ရွာကို စစ်ကောင်စီလက်အောက်ခံ ပျူစောထီးအဖွဲ့တွေက နိုဝင်ဘာလ ၂၀ ရက် မနေ့ မနက် ၉ နာရီခန့်မှာ ဝင်ရောက်စီးနင်းကာ ရွာခံအမျိုးသား ၄ ဦးကို ဖမ်းဆီးပြီးနောက် ပစ်သတ်သွားတယ်လို့ ဒေသခံတွေထံက သိရပါတယ်။

အသတ်ခံရသူတွေဟာ ပရစ်ကုန်းတောင်ရွာမှ ကြာဇံစက်ရုံပိုင်ရှင် ဦးပေါက်စီ ၅၀ နှစ်နဲ့ အသက် ၂၀ မှ ၃၀ အကြားရှိ ကြာဇံစက် အလုပ်သမားတွေဖြစ်တဲ့ အောင်မျိုးဦး၊ အောင်ခိုင်ဝင်း၊ ဖိုးလပြည့်တို့ဖြစ်ပြီး စက်ရုံအတွင်းကနေ ဖမ်းခေါ်သွားပြီးနောက် ကျေးရွာအထွက်လမ်း ထရန်စဖော်မာအနီးမှာ ပစ်သတ်သွားတာလို့ ဆိုပါတယ်။

"ရွာသားတွေကို သတ်တာက သူတို့စက်ထဲကနေ ပြောက်ကျားယူနီဖောင်းတစုံတွေ့တယ်ဆိုပြီးတော့ ဖမ်းခေါ်ပြီး ရွာအထွက်နားမှာ လေးယောက်စလုံးကို ပစ်သတ်သွားတာ။ ပြောက်ကျားယူနီဖောင်း တကယ်တွေ့ မတွေ့တော့ မသိရဘူး။ ရွာကို သူတို့စိတ်ကြိုက်မွှေပြီးမှ ၄ နာရီကျော်လောက်မှာ တောပုဘက် ပြန်ထွက်သွားတယ်"လို့ မုံရွာဒေသခံတဦးက မြေလတ်အသံကိုပြောပါတယ်။

ဒါ့အပြင် ကျေးရွာတွေကိုစီးနင်းစဉ် မနက် ၁၀ နာရီခန့်မှာ ပုရစ်ကုန်းတောင်ရွာထိပ်ရှိ နေအိမ် ၂ လုံးနဲ့ ဖယောင်းစက်တလုံးကို မီးရှို့ခဲ့ပြီး အဲ့ဒီနောက် နေ့ လယ်ပိုင်းမှာ ကြာဇံစက်ရုံနဲ့ နေအိမ်တလုံးကို ထပ်မံမီးရှို့ခဲ့တယ်လို့ သိရပါတယ်။

ပရစ်ကုန်းတောင်ရွာမှာ သတ်ဖြတ်မီးရှို့မှုတွေပြုလုပ်သွားတဲ့ ပျူစောထီးအဖွဲ့ဟာ တောပုရွာနဲ့စွမ်းရည်ထက်ဆီဆိုင်က ပျူစောထီးပူးပေါင်းစစ်ကြောင်းဖြစ်ပြီး အင်အား ၅၀ ကျော် ပါဝင်တယ်လို့ ဆိုပါတယ်။

ပျူစစ်ကြောင်းဝင်လာချိန် လူဦးရေ ၇၀၀ ခန့်ရှိတဲ့ ပရစ်ကုန်းတောင်ရွာက ဒေသခံတွေဟာ ဘေးလွတ်ရာကို ထွက်ပြေးတိမ်းရှောင်ခဲ့ရပြီး ရွာမှာကျန်ခဲ့တဲ့ သူအချို့ကို ပျူစောထီးအဖွဲ့က စစ်မေးတာ သတ်ဖြတ်တာတွေလုပ်ခဲ့တာပါ။

ပျူစောထီးအဖွဲ့တွေ ထွက်သွားပြီးနောက် နိုဝင်ဘာ ၂၁ ရက် ဒီကနေ့ မနက်ပိုင်းမှာတော့ တိမ်းရှောင်နေရတဲ့ ဒေသခံတွေဟာ ကျေးရွာထဲကို ပြန်ဝင်လာကြတယ်လို့ သိရပါတယ်။

နိုဝင်ဘာ ၁၀ ရက်ကလည်း မုံရွာမြို့နယ်၊ ဘုဘကျေးရွာကို စစ်ကောင်စီတပ်နဲ့ပျူစောထီးတွေ ဝင်ရောက် စီးနင်းပြီး ဆိုင်ကယ် ၁၀ စီးနဲ့နေအိမ် ၁၀ လုံးကိုမီးရှို့ဖျက်ဆီးခဲ့သေးတယ်လို့ သိရပါတယ်။

စာတည်း - ရင်ငြိမ်း

#မြေလတ်အသံ

#စစ်ကိုင်း #မုံရွာ #ပျူစောထီးစစ်ကြောင်း #ဒေသခံ၄ဦး #အသတ်ခံရ #နေအိမ်မီးရှို့ #သတင်း #မြေလတ်သတင်း

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10