သတင်း
- - သတင်းတို
- - စီးပွားရေး
- - ရွေးကောက်ပွဲ
- - နိုင်ငံရေး
- - အင်တာဗျူး
- - မှုခင်း
- - ကျန်းမာရေး
- - ပညာရေး
- - အလုပ်သမား
- - သမိုင်း
- - ပေးစာ
- - စစ်ရှောင်
- - တိုက်ပွဲ
- - သဘာဝဘေး
စစ်ကိုင်းတိုင်း၊ မုံရွာမြို့မှာ မီတာအခွန်မဆောင်တဲ့ နေအိမ်တွေကို စစ်ကောင်စီနဲ့ လျှပ်စစ်ရုံးက ဝန်ထမ်းတွေ ပူးပေါင်းပြီး လျှပ်စစ်မီးကြိုးတွေ၊ မီတာပုံးတွေ လိုက်လံ ဖြတ်တောက်၊ ဖြုတ်သိမ်းနေတဲ့အပေါ် မုံရွာခရိုင် ပြည်သူ့ကာကွယ်ရေးတပ်မတော် - Monywa The Boys တပ်ရင်း ၄ အဖွဲ့က ဒီဇင်ဘာ ၁ ရက်မှာ အသိပေးစာ ထုတ်ပြန်ထားပါတယ်။
ထုတ်ပြန်ချက်မှာ ပြည်သူတွေအပေါ် မီတာကြေး အဆမတန် ကောက်ခြင်း၊ မီတာပုံးဖြုတ်ယူခြင်း၊ မီးကြိုးများ ဖြုတ်ယူခြင်း၊ မီတာပုံးများကို ဖြုတ်ပြီး ရောင်းစားခြင်း၊ ဒဏ်ကြေးအကြောင်းပြုကာ ငွေကြေးအဆမတန်တောင်းခြင်း စတဲ့ ကိုယ်ကျိုးစီးပွားရေးအတွက် ပြုလုပ်နေတာတွေကို ရပ်တန့်ပေးစေလိုတယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
အထက်ပါထုတ်ပြန်ချက် ထုတ်ပြီးတဲ့ နောက်မှာ မုံရွာမြို့ခံ ပြည်သူတွေအပေါ် အခုလို အနိုင်ကျင့်ခြိမ်းခြောက်မှုတွေ ဆက်လက်လုပ်ဆောင်သွားနေမယ်ဆိုရင် လျှပ်စစ်ရုံးက ဝန်ထမ်းတွေနဲ့ သူတို့ရဲ့ မိသားစုဝင်တွေကိုပါ ထိရောက်စွာ အရေးယူသွားမယ်လို့ Monywa The Boys အဖွဲ့က ဆိုထားပါတယ်။
"စစ်ကောင်စီ ထောက်တိုင်အဖြစ် ဘဏ္ဍာငွေရှာပြီး ပြည်သူတွေအပေါ် မတရားသဖြင့် အနိုင်အထက် ပြုကျင့်နေတဲ့သူတွေကို သတိပေးတာပါ။ ဆက်လုပ်နေရင်တော့ ထုတ်ပြန်စာပါ အကြောင်းအရာအတိုင်း ကျနော်တို့ တုန့်ပြန်ဖို့ အဆင်သင့်ဖြစ်နေပြီဗျ။" လို့ မုံရွာခရိုင် ပြည်သူ့ကာကွယ်ရေး တပ်မတော်-Monywa The Boys တပ်ရင်း ၄ အဖွဲ့ရဲ့ ပြန်ကြားရေး တာဝန်ခံ ရဲဘော်တဦးက ပြောပါတယ်။
ပြီးခဲ့တဲ့ နိုဝင်ဘာ ၁၉ ရက်ကနေစပြီး မုံရွာမြို့ အောင်မင်္ဂလာ၊ အိုးဘိုတောင်၊ ဘုရားကြီး၊ မြို့သစ်၊ အောင်ချမ်းသာ ရပ်ကွက်တွေက လူနေအိမ်တွေကို လက်နက်ကိုင် စစ်ကောင်စီတပ်ဖွဲ့ဝင်နဲ့ လျှပ်စစ်ရုံးဝန်ထမ်းတွေဟာ တအိမ်ဝင် တအိမ်ထွက် မီတာပြေစာ စာရွက်ကို စစ်ဆေးပြီး မီတာခွန်မဆောင်ထားတဲ့ နေအိမ်တွေက လျှပ်စစ်မီးကြိုးတွေကို ဖြုတ်ယူကာ နေအိမ် ၁၅ လုံးကျော်ကတော့ မီတာပုံးတွေပါ ဖြုတ်ခံလိုက်ရတယ်လို့ မြို့ခံတွေဆီကနေ သိရပါတယ်။
အခုလို မီတာကြိုး၊ မီတာပုံး ဖြုတ်ယူသွားတာတွေကြောင့် မြို့ခံပြည်သူတွေဟာ ကြောက်လန့်ပြီး လျှပ်စစ် မီတာခွန်တွေကို အလုအယက် သွားဆောင်ကြတဲ့အခါ သုံးလေးနှစ်စာ သိန်းဆယ်ချီတောင်းခံခဲ့တဲ့ လုပ်ရပ်တွေ၊ မီတာဆောင်သူဦးရေ ရာနဲ့ချီရှိတာကြောင့် တန်းစီမစောင့်ဆိုင်းလိုသူတွေဆီကနေ လျှပ်စစ်ရုံးဝန်ထမ်းနဲ့ နီးစပ်သူတွေဟာ မီတာ ၁ လုံးဆောင်ခ ကျပ် ၁ သောင်းနဲ့ ၂ သောင်းကြား ဝန်ဆောင်ခတွေ တောင်းခံပြီး လုပ်စားနေကြတာတွေရှိတယ်လို့ မီတာခွန်ဆောင်ခဲ့တဲ့သူတွေဆီကနေ သိရပါတယ်။
မုံရွာမြို့ခံ ပြည်သူတွေဟာ စစ်အာဏာသိမ်းပြီးတဲ့ အချိန်ကနေစပြီး စစ်ကောင်စီရဲ့ ဝင်ငွေတခုဖြစ်တဲ့ မီတာခွန်ကို မပေးဆောင်ခဲ့တာဟာ အခုအချိန်ထိ ဖြစ်တယ်လို့ သိရပါတယ်။
"၄ နှစ်တာနီးပါး စစ်ကောင်စီအတွက် ဘဏ္ဍာငွေရှာဖွေနေတဲ့ ဋ္ဌာနဆိုင်ရာတွေကို ဘဏ္ဍာငွေ စီးဆင်းမှု မရှိအောင် မကြောက်မရွံ့ တောင့်ခံခဲ့တဲ့ မုံရွာက ပြည်သူတွေအတွက် လေးစားဂုဏ်ယူပါတယ်။ လုပ်သင့် လုပ်ထိုက်တာတွေကို ကျနော်တို့ လုပ်ဆောင်သွားဖို့ ရှိပါတယ်။" လို့ မုံရွာခရိုင် ပြည်သူ့ကာကွယ်ရေး တပ်မတော်-Monywa The Boys တပ်ရင်း ၄ အဖွဲ့ရဲ့ ပြန်ကြားရေး တာဝန်ခံ ရဲဘော်တဦးက ပြောပါတယ်။
လက်ရှိမှာတော့ မီတာကြိုးတွေ ဖြုတ်ခံလိုက်ရတဲ့ မုံရွာမြို့ခံတချို့ဟာ တနေ့တာ စားဝတ်နေရေး လောက်ငှဖို့ ရုန်းကန်နေရတာကြောင့် မီတာကြေး မဆောင်နိုင်တဲ့အခါ လျှပ်စစ်မီးမရရှိတဲ့ အခြေအနေနဲ့ ရင်ဆိုင်နေရတယ်လို့ သိရပါတယ်။
လျှပ်စစ်မီးမရရှိတာကြောင့် သုံးရေပြတ်လပ်လာပြီး၊ ဖုန်းအား၊ မီးသီးအားမသွင်းရတာတွေဖြစ်တဲ့အပြင် ချက်ပြုတ်စားသောက်ရာမှာ မီးသွေးဖိုး၊ ဂတ်စ်ဖိုးတွေ ပိုကုန်ကျလာတယ်လို့ ဆိုပါတယ်။
သတင်း - ခေတ်သန္တာ ၊ စာတည်း- JCG
#မြေလတ်အသံ
#စစ်ကိုင်း #မုံရွာမြို့ #မီတာ #စစ်ကောင်စီ #လျှပ်စစ်
Share Share Share