မုံရွာမှာ ယောက်ျားကို သတိမေ့အောင်ရိုက်ကာ မိန်းမဖြစ်သူကို လမ်းပေါ် အုပ်စုဖွဲ့အဓမ္မကျင့်ပြီး ပစ္စည်းလု

မုံရွာမှာ ယောက်ျားကို သတိမေ့အောင်ရိုက်ကာ မိန်းမဖြစ်သူကို လမ်းပေါ် အုပ်စုဖွဲ့အဓမ္မကျင့်ပြီး ပစ္စည်းလု

စစ်ကိုင်းတိုင်း၊ မုံရွာမြို့၊ စက်မှုဇုံရပ်ကွက်၊ ဘိုးဘွားရိပ်သာနဲ့သံလမ်းကြားမှာ ယောက်ျားဖြစ်သူကို သတိမေ့အောင်ရိုက်နှက်ပြီး မိန်းမဖြစ်သူကို လမ်းပေါ်အုပ်စုဖွဲ့ အဓမ္မပြုကျင့်ကာ ပစ္စည်းလုယူသွားခဲ့တယ်လို့ ဒေသခံတွေထံက သိရပါတယ်။

ဩဂုတ်လ ၂၅ ရက် ညနေ ၆ နာရီခန့်မှာ အလုပ်ကနေ နေအိမ်ကိုပြန်လာတဲ့ အသက် ၁၇ နှစ်ဝန်းကျင် လင်မယားကို ဆိုင်ကယ်စီးနင်းလာတဲ့အမျိုးသား ၄ ဦးက  ရိုက်နှက်ကာ အုပ်စုဖွဲ့ အဓမ္မပြုကျင့်ခဲ့ကြတာလို့ ဆိုပါတယ်။

" ကလစ်ဆိုင်ကယ်တစီး၊ ဘေးတွဲတစီးနဲ့ သူတိူ့အနားကိုရောက်လာပြီး နင်တို့က PDF တွေ မဟုတ်လားဆိုပြီး ရပ်ခိုင်းတယ်။ ပြီးတော့ကောင်လေးကို ထုရိုက်တယ်။ ကောင်လေးက ခေါင်းနဲ့နားထင်ချည်းဘဲထိုးခံရတော့ မေ့သွားတဲ့အချိန် ကောင်မလေးကို နင်ငါတို့နဲ့လိုက်မလား၊ မလိုက်ရင် နင့်ယောကျ်ားကို သတ်ပစ်မယ်ဆိုပြီး ခြိမ်းခြောက်ခဲ့တယ်" လို့ ဖြစ်စဥ်ကိုသိရှိထားတဲ့ဒေသခံတဦးက မြေလတ်အသံကို ပြောပါတယ်။

အဲ့ဒီနောက် အဆိုပါ အမျိုးသား ၄ ဦးက အမျိုးသမီးဖြစ်သူကို မေ့လဲနေတဲ့ယောက်ျားရဲ့အနီးမှာ တကြိမ်၊ ယင်းနေရာနဲ့ ပေ ၂၀၀ ခန့်အကွာ ရထားသံလမ်းအနောက်ဘက် မြေကျင်းချိုင့်ခွက်မှာ တကြိမ် အဓမ္မပြုကျင့်ခဲ့ကာ ဖုန်းနဲ့ပိုက်ဆံတချို့လုယူ ထွက်ပြေးသွားတယ်လို့ ဆိုပါတယ်။

“အမျိုးသား ပြန်သတိရလာတော့ အမျိုးသမီးဖြစ်သူပျောက်နေလို့ အနီးအနားလိုက်ရှာတာ မတွေ့လို့ သူရဲ့အသိမိတ်ဆွေတွေဆီဖုန်းဆက်ခေါ်ပြီး လိုက်ရှာမှ သံလမ်းအနောက်ဘက်ကျင်းထဲမှာ အမျိုးသမီးငယ်ကိုပြန်တွေ့တာ” လို့ အထက်ပါဒေသခံ ပြောပါတယ်။

ဖြစ်စဥ်ဖြစ်နေတဲ့နေရာဟာ လူသွားလူလာကျဲပါးတဲ့နေရာဖြစ်ပေမယ့် အခင်းဖြစ်နေချိန်မှာ သွားလာသူတချို့ရှိနေပြီး လုယက်၊ အဓမ္မပြုကျင့်ခံနေရတာကို မြင်တွေ့ကြပေမယ့် ဝင်ရောက်ကူညီပေးတာမျိုးမရှိကြဘူးလို့ နစ်နာသူအမျိုးသမီးနဲ့နီးစပ်တဲ့ ဒေသခံတဦးက ဆိုပါတယ်။

ဩဂုတ်လ ၂၆ ရက် မနေ့မနက်ပိုင်းမှာ ကျူးလွန်သူတွေဟာ ထန်းတောအင်းစပ်ရပ်ကွက်အတွင်း နေထိုင်သူတွေဖြစ်ကြောင်း စုံစမ်းသိရှိရတာကြောင့် နစ်နာသူတွေနဲ့ဖြစ်စဉ်နဲ့ပတ်သတ်ပြီး ကျေနပ်မှုမရှိတဲ့ဒေသခံတွေက သွားရောက်ဖမ်းဆီးကြချိန် ၁ ဦးကိုဖမ်းဆီးရမိခဲ့ပြီး  ၃ ဦး ထွက်ပြေးလွတ်မြောက်သွားတယ်လို့ သိရပါတယ်။

ကျူးလွန်တဲ့အဖွဲ့မှာ ထန်းတောအင်းစပ်ရပ်ကွက်နေ ဘိုဖြူလုံး (ဘ) ဦးဘောကြီးရဲ့သားဆိုသူက ခေါင်းဆောင်လုပ်ကာ လူပြတ်လပ်တဲ့ ရပ်ကွက်၊လမ်းနေရာတွေမှာ ခိုးဆိုး၊ လုယက်၊ ခြိမ်းခြောက်ငွေတောင်း၊ လုယက်မှုတွေ ကျူးလွန်နေကြတာဖြစ်ပြီး ယခုဖြစ်စဉ်အပါအဝင် အမှုပေါင်း ၁၀ မှုထက်မနည်း ကျူးလွန်ထားတယ်လို့ ဆိုပါတယ်။

လက်ရှိမှာတော့ ဖမ်းဆီးရမိထားတဲ့သူကို မုံရွာရဲစခန်းမှာချုပ်နှောင်ထားပြီး ထွက်ပြေးလွတ်မြောက်နေသူတွေကိုလည်း ဖမ်းဆီးနိုင်ဖို့ ဆက်လက်ရှာဖွေနေကြတယ်လို့ ဆိုပါတယ်။

“တယောက် ပြန်ဖမ်းမိတော့ ဖုန်းပြန်ရတယ်။ ပိုက်ဆံကလည်း အများကြီးမပါ ပါဘူး ၄ ၊ ၅ ထောင် လောက်ပဲ။ သာမာန်အလုပ်သမားလေးတွေဆိုတော့။ နောက်ထပ် ၃ ယောက်ကိုလည်း ဝိုင်းရှာနေတယ်။ ဒီကောင်တွေမှာ လက်နက်ရှိတယ်လို့လည်း သတင်းရထားတယ်” လို့ နစ်နာသူမိသားစုနဲ့ နီးစပ်သူက ပြောပါတယ်။

မုံရွာမြို့ပေါ်မှာ နေ့ခင်းဘက်မှာပင် ဆိုင်ကယ်၊ ဖုန်းနဲ့ငွေကြေးတွေကိုအုပ်စုဖွဲ့လုယက်ခံရတာ၊ ညပိုင်း တွေမှာ နေအိမ်တွေဖောက်ခံရပြီး တန်ဖိုးရှိပစ္စည်းတွေခိုးယူခံရတာ နေ့စဥ်နီးပါးဖြစ်နေပေမယ့် ခိုးဆိုးလုနှိုက်တွေကို စစ်ကောင်စီတပ်နဲ့ရဲတွေဘက်က ဖမ်းဆီးအရေးယူနိုင်တာမျိူးမရှိတာကြောင့် ပြည်သူတွေမှာ စိုးရိမ်ထိတ်လန့်မှုတွေနဲ့နေထိုင်နေရတယ်လို့ သိရပါတယ်။

စာတည်း - ဟိန်းစံ။

#မြေလတ်အသံ

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10