မုံရွာမှာ ရုပ်ရှင်သရုပ်ဆောင်တွေခေါ်ပြီး သင်္ကြန်စည်ကားအောင်လုပ်ဖို့ ကြိုးစားနေ

မုံရွာမှာ ရုပ်ရှင်သရုပ်ဆောင်တွေခေါ်ပြီး သင်္ကြန်စည်ကားအောင်လုပ်ဖို့ ကြိုးစားနေ

စစ်ကိုင်းတိုင်း၊ မုံရွာမြို့နယ်၊ ကံသာဦးရပ်ကွက်မှာ ပြုလုပ်မယ့် ကန်သာယာသင်္ကြန်မှာ ရုပ်ရှင်သရုပ်ဆောင် အယောက် ၂၀ ဖိတ်ထားပြီး လမ်းလျှောက်သင်္ကြန်ကျင်းပဖို့ ကြိုးစားနေတယ်လို့ ဒေသခံတွေကတဆင့် သိရပါတယ်။


အရှေ့ကန်သာယာနဲ့ အနောက်ကန်သာယာကြားမှာ ဗဟိုမဏ္ဍပ်တခု ဆောက်လုပ်နေပြီး၊ ဘေးလျှောက်လမ်းတွေမှာတော့ လမ်းလျှောက်သင်္ကြန်နဲ့ စတုဒီသာအတွက် မဏ္ဍပ် ၂ ခုဆောက်လုပ်နေကာ သင်္ကြန်ကိုလာရောက်မယ့် သရုပ်ဆောင်တွေကိုတော့ မသိရသေးဘူးလို့ ဆိုပါတယ်။


“ကျတော်တို့ကြားတာတော့ ရန်အောင်က အကြိုနေ့လာမယ် ကြားတာပဲ။ ကျန်တဲ့အနုပညာရှင်တွေတော့ မကြားမိဘူး။ ဒါကလည်း အတိကျတော့ ပြောလို့မရဘူး။ ထွက်လာတဲ့သတင်းတွေအရပေါ့။ သင်္ကြန်လူစည်အောင်ဆိုရင်တော့ သူတို့တပ်မိသားစုတွေ၊ ဌာနဆိုင်ရာဝန်ထမ်းတွေကို ထုတ်လာပြီးမှပဲ စည်ကားအောင် လုပ်လိမ့်မယ်။ ပြည်သူတွေကတော့ လည်ဖို့ မဖြစ်နိုင်ဘူး။" လို့ မုံရွာဒေသခံတဦးက ပြောပါတယ်။

ဒါ့အပြင် မုံရွာမြို့ပေါ်မှာရှိတဲ့ လုပ်ငန်းရှင်တွေကို သင်္ကြန်မဏ္ဍပ်နဲ့ အစီစဉ်တွေအတွက်ဆိုပြီး ၃ သိန်းကနေ ၅ သိန်းအထိ ငွေကြေးကောက်ခံတာတွေ လုပ်နေတယ်လို့ ဆိုပါတယ်။

“အခုလက်ရှိ မဏ္ဍပ်အဆောက်အဦး ၃ ခု ဆောက်နေတယ်။ ဝင်းယူနတီဟော်တယ်ရှေ့နဲ့ တင်ဝင်းထွန်းဟော်တယ်ရှေ့မှာ၊ အနုပညာရှင်တွေက အဲ့ hotel တွေမှာပဲ နေဖို့များတယ်။” လို့ မုံရွာဒေသခံတဦးက ပြောပါတယ်။

စစ်ကောင်စီဘက်က မဟာသင်္ကြန်ဖြစ်မြောက်ရေးကော်မတီဝင်တွေကတော့ မုံရွာသင်္ကြန်ကို လာရောက်လည်ပတ်ဖို့နဲ့ ရေကစားမယ့်သူတွေအတွက် စတုဒီသာမဏ္ဍပ်တွေလည်း ဆောက်လုပ်ထားပြီး ယိမ်းအကယှဉ်ပြိုင်ပွဲတွေ၊ ဆုချီးမြှင့်ပွဲတွေ ကျင်းပဖို့လည်း စီစဉ်ထားတယ်လို့ ဆိုပါတယ်။

ပြည်သူတွေအနေနဲ့ သင်္ကြန်မှာ အပျော်မလွန်ကြဖို့၊ စစ်ကောင်စီက ကျင်းပတဲ့သင်္ကြန်ကို မပါဝင်ကြဖို့ ပြည်သူ့ကာကွယ်ရေးအဖွဲ့တွေက တားမြစ်ထားတာတွေလည်းရှိလို့ လည်ပတ်မယ့်အခြေနေက‌ နည်းပါးတယ်လို့ သိရပါတယ်။

စာတည်း - 007
#မြေလတ်အသံ

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10