မုံရွာမှာ လူငယ် ၇၀ ကျော် စစ်မှုထမ်းဖို့ ဖမ်းဆီးခံထားရ

မုံရွာမှာ လူငယ် ၇၀ ကျော် စစ်မှုထမ်းဖို့ ဖမ်းဆီးခံထားရ

စစ်ကိုင်းတိုင်း၊ မုံရွာမြို့နဲ့ အနီးဝန်းကျင်တွေမှာ နိုဝင်ဘာ ၂ ရက်ကနေ ၁၈ ရက်နေ့ ယမန်နေ့အထိ လူငယ် ၇၀ ကျော်ကို စစ်ကောင်စီဘက်က ဖမ်းဆီးထားတယ်လို့ ဒေသခံတွေထံက သိရပါတယ်။

အဆိုပါလူငယ် ၇၀ ကျော်ကို အလုံတပ်မြို့၊ နမခဝန်းအတွင်းရှိ အမှတ် ၁၂ အဆင့်မြင့်ဆက်သွယ်ရေး(အဆရ ၁၂)တပ်ရင်းအတွင်း ဖမ်းဆီးထိန်းသိမ်းထားတာဖြစ်ပြီး ၎င်းတို့ကို မိသားစုဝင်တွေနဲ့ တွေ့ဆုံခွင့်ပေးထားကာ ကျပ်သိန်းရာချီပေးနိုင်သူတွေကတော့ စစ်ကောင်စီတပ်နဲ့ ညှိနှိုင်းပြီး ပြန်လွှတ်ပေးတာမျိုးလည်းရှိတယ်လို့ ဆိုပါတယ်။

" ဖမ်းခံရပြီး တခါဘဲတွေ့ရတယ်။ ကောင်းကောင်းမွန်မွန်တော့ တွေ့ရတယ်။ သူတို့ ဖုန်းတော့မကိုင်ရဘူး။ စကားတော့ လွတ်လွတ်လပ်လပ် ပြောရတယ်။ အဓိကစစ်မှုထမ်းဖို့ ခေါ်ဆောင်ခံရတာပါ။ ကျမတို့ကဆင်းရဲတော့ တနေ့လုပ်မှတနေ့စားရတာဆိုတော့ ဘယ်သူ့ကိုမှ အကူအညီတောင်းလို့မရဘူး။ ကူညီသူတွေလည်း မရှိဘူး။ ခုတော့သင်တန်းပို့၊ မပို့ဆိုတာမသိရသေးဘူး" လို့ ဖမ်းဆီးခံထားရသူ လူငယ်တဦးရဲ့ မိသားစုဝင်အမျိုးသမီးက ပြောပါတယ်။

ဖမ်းဆီးခံရသူတွေဟာ အသက် ၁၈ ကနေ ၃၀ နှစ်ကြား လူငယ်တွေဖြစ်ပြီး မုံရွာမြို့ စက်မှုဇုံ၊ နန္ဒဝန်ရပ်ကွက်၊ မြဝတီ၊ အင်းရွာသစ်၊ မြို့သစ်စတဲ့ရပ်ကွက်တွေထဲက အများဆုံးပါဝင်တယ်လို့ ဆိုပါတယ်။

မုံရွာမြို့ပေါ်ရပ်ကွက်လမ်းတွေနဲ့ မြို့အဝင်အထွက်နေရာတွေမှာ မနက်အစောပိုင်းနဲ့ ညပိုင်းတွေမှာ ကင်းပုန်းချကာ လမ်းသွားလမ်းလာ လူငယ်တွေကို နိုဝင်ဘာ ၂ ရက်မှ  ၁၈ ရက် ယမန်နေ့အထိ နေ့စဥ်ဖမ်းဆီးခဲ့တာလို့ နောက်ထပ်မုံရွာမြို့ခံတဦးက ဆိုပါတယ်။

" မနက် ၄ နာရီလောက်ကနေ ထဖမ်းတယ်။ ကင်းပုန်းတွေချပြီး အလုပ်သွားအလုပ်ပြန်တဲ့သူတွေ ဖမ်းတယ်။ ပွဲလမ်းသဘင်ပြန်တဲ့သူတွေ ဖမ်းတယ်။ ပြီးတော့ ဘယ်လိုဆိုးနေလည်းဆို လူမှုရေးပရဟိတသမားတွေလည်း မလွတ်ဘူး။ ဘာသာရေးနဲ့ ပတ်သက်တဲ့ဘယ်လိုလူမျိုးမှ မချန်ဘူး။ လူငယ်ဆိုရင် အကုန်ဆွဲတာ"လို့ ၎င်းက ပြောပါတယ်။

ယခုလအတွင်း ဖမ်းဆီးခံရသူတွေက စစ်မှုထမ်းအပတ်စဥ် ၇ အတွက် ဖမ်းဆီးခံထားရတာလို့သိရပြီး နိုဝင်ဘာ ၁၉ ရက် ဒီကနေ့အထိတော့ စစ်ကောင်စီတပ်သင်တန်းကျောင်းတွေကို ပို့ဆောင်တာမျိုးမရှိသေးဘဲ  ထိန်းသိမ်းထားဆဲဖြစ်တယ်လို့ သိရပါတယ်။

စစ်ကောင်စီအဖွဲ့ဝင်တွေဟာ မြို့ဝင်မြို့ထွက်လမ်းတွေပေါ်မှာ စစ်ဆေးရေးဂိတ်တွေပြုလုပ်ကာ လမ်းသွားလမ်းလာတွေကိုစစ်ဆေးနေသလို ရံဖန်ရံခါ မြို့တွင်းလမ်းဆုံတွေမှာ ရှောင်တခင် စစ်ဆေးမှုလုပ်တာ၊ မြို့တော်ခန်းမ၊ မြန်မာ့စီးပွားရေးဘဏ်နဲ့ ဆေးရုံအနီးဝန်းကျင်တွေမှာလည်း ဂိတ်ချစစ်ဆေးတာတွေရှိနေတယ်လို့ မြို့ခံတွေက ပြောပါတယ်။

ပြီးခဲ့တဲ့ ဩဂုတ်လအတွင်းကလည်း  မုံရွာမြို့ပေါ်ရှိ ရွှေကုန်းရပ်ကွက်နဲ့ မုံရွာတောင်ရပ်ကွက်က အသက် ၁၉ ကနေ ၄၀ နှစ်ကြား  အမျိုးသားလူငယ်၊ လူလတ်ပိုင်းတွေ ဖမ်းဆီးခံခဲ့ရသေးတယ်လို့ သိရပါတယ်။

ဓာတ်ပုံ - ကလေးမြို့ တတက ၁၀ လေ့ကျင့်ရေးကျောင်းမှာ စစ်သင်တန်းတက်ရောက်နေတဲ့ စစ်မှုထမ်းဥပဒေနဲ့စုဆောင်းခံရသူ လူငယ်များ။( ပုံဟောင်း)

စာတည်း - ဟိန်းစံ

#မြေလတ်အသံ

#စစ်ကိုင်း #မုံရွာ #စစ်ကောင်စီ #လူငယ် #စစ်မှုထမ်း #ဖမ်းဆီး 

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10