သတင်း
- - သတင်းတို
- - စီးပွားရေး
- - ရွေးကောက်ပွဲ
- - နိုင်ငံရေး
- - အင်တာဗျူး
- - မှုခင်း
- - ကျန်းမာရေး
- - ပညာရေး
- - အလုပ်သမား
- - သမိုင်း
- - ပေးစာ
- - စစ်ရှောင်
- - တိုက်ပွဲ
- - သဘာဝဘေး
စစ်ကိုင်းတိုင်း၊ မုံရွာမြို့မှာ အိုးဝေမောင်းတဲ့ အသက် ၃၀အရွယ် ကိုသီဟကျော် (ခ) ကိုမိုးညိုဟာ လည်ပင်းကို ဓားနဲ့အထိုးခံရပြီး သေဆုံးခဲ့တယ်လို့ မိသားစုဝင်တွေဆီကနေ သိရပါတယ်။
ဇန်နဝါရီ ၆ ရက် မနေ့ နေ့လယ်က မုံရွာမြို့၊ ချမ်းမြဝတီရပ်ကွက်ဘက်ကို အိုးဝေအငှားခေါ်တာကြောင့် လိုက်လံပို့ဆောင်ခဲ့ပြီး မွန်းလွဲ ၃ နာရီကျော်လောက်မှာတော့ ချမ်းမြဝတီရပ်ကွက်ရဲ့ တိုင်းရင်းဆေးရုံလမ်းကြားထဲမှာ ဓားဒဏ်ရာတွေနဲ့ ပြန်တွေ့ခဲ့တယ်လို့ ဆိုပါတယ်။
မုံရွာမြေပြင်ကင်းထောက်အဖွဲ့က တိုင်းရင်းဆေးရုံလမ်းကြားထဲမှာ အိုးဝေမောင်းသူ ၁ ဦး ဓားထိုးခံရကြောင်း တင်ထားတာတွေ့လို့ မိသားစုကလိုက်ရှာခဲ့ကြတာဖြစ်ပြီး ကိုသီဟကျော်ကိုပြန်တွေ့ချိန် လည်ပင်း ထိုးသွင်းဒဏ်ရာ ၁ ချက်၊ ဂုတ်မှာ ၁ ချက်၊ ဘယ်ဘက်ပုခုံးမှာ ၁ ချက် စုစုပေါင်း ဓားနဲ့ထိုးသွင်းဒဏ်ရာ ၃ ချက်တွေ့ခဲ့ရပြီး ဆေးရုံအရောက်မှာပဲ သေဆုံးသွားခဲ့တယ်လို့ သိရပါတယ်။
"လူမှုရေးနဲ့တော့ မဆိုင်ဘူးထင်တယ်ဗျ။ သူက အေးဆေးနေတတ်တဲ့သူပါ။ အရင်က ကားမောင်းတာ အခုကျ အိုးဝေပဲဆွဲတော့တာ။ မုံရွာမှာ နေတာကြာပြီ နှစ်ပိုင်းတော့ ရှိပြီ။ မနေ့ကညနေမှာပဲ အလောင်းကို ရွာဘက် ချက်ချင်းပြန်သယ်သွားတယ်။"လို့ သေဆုံးသူရဲ့ မိသားစုဝင်တဦးက မြေလတ်အသံကို ပြောပါတယ်။
လူသတ်မှု ကျူးလွန်သူတွေဟာ ကိုသီဟကျော်ရဲ့ ဖုန်းနဲ့ပိုက်ဆံအိတ်ကို ယူဆောင်သွားပြီး အိုးဝေကိုတော့ ထားခဲ့တယ်လို့ သိရပါတယ်။
အခင်းဖြစ်ပွားခဲ့တဲ့ တိုင်းရင်းဆေးရုံလမ်းထဲက မော်ကွန်းရှင်လမ်းကြားဟာ လုယက်ခံမှုတွေ မကြာခဏ ဖြစ်လေ့ရှိတယ်လို့ မုံရွာမြို့ ဒေသခံတဦးက ပြောပါတယ်။
သေဆုံးသူဟာ ကနီမြို့နယ်၊ နတ်ကြီးရွာဇာတိဖြစ်ပြီး မုံရွာမြို့၊ နန္ဒဝန်ရပ်ကွက်၊ ကျွန်းရွှေဝါလမ်းက ok ဘော်ဒါဆောင်မှာ နေထိုင်ရင်း အိုးဝေအငှားလိုက်တာ လပိုင်းခန့်သာ ရှိသေးတယ်လို့ ဆိုပါတယ်။
ဇန်နဝါရီ ၆ရက် မနေ့ကတော့ စစ်ကောင်စီလက်အောက်ခံ ရဲတပ်သားတချို့ မုံရွာပြည်သူ့ဆေးရုံကို ရောက်လာကာ အမှုအတွက် စစ်ဆေးမေးမြန်းတာတွေ လုပ်ဆောင်ခဲ့ပြီး အခုလက်ရှိအချိန်ထိတော့ လူသတ်မှုကျူးလွန်သူတွေကို မမိသေးဘူးလို့ ဆိုပါတယ်။
မုံရွာမြို့မှာ ဓားပြမှု၊ လုယက်မှုတွေ မကြာခဏ ဖြစ်လေ့ရှိပြီး ပြီးခဲ့တဲ့ ဒီဇင်ဘာ ၂၆ ရက်ကလည်း မုံရွာမြို့ပေါ်ရပ်ကွက် ၁ ခုက အသက် ၃၇ နှစ်အရွယ် အမျိုးသမီးကိုပစ်ခတ်ပြီး ကားလုယက်ခဲ့တာကြောင့် အဆိုပါ အမျိုးသမီး သေဆုံးခဲ့တယ်လို့ သိရပါတယ်။
ပုံစာ - ဓါးထိုးခံရပြီး သေဆုံးသွားသူ ကိုသီဟကျော်။
သတင်း - ခေတ်သဒ္ဒါ၊ စာတည်း - ချယ်ရီ
#မြေလတ်အသံ
#စစ်ကိုင်း #မုံရွာမြို့ #အိုးဝေ #ယာဉ်မောင်း #မှုခင်း
Share Share Share