မုံရွာမှာ LPDF စခန်း ၁ ခု စီးနင်းခံရပြီး ၄ ဦးသေဆုံး၊ ၃ ဦးဒဏ်ရာရ

မုံရွာမှာ LPDF စခန်း ၁ ခု စီးနင်းခံရပြီး ၄ ဦးသေဆုံး၊ ၃ ဦးဒဏ်ရာရ

စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့နယ်၊ ကြေးမုံရွာအနီးက ဒေသကာကွယ်ရေးတပ်ဖွဲ့ (LPDF) စခန်း ၁ ခု စီးနင်းခံရပြီး ၄ ဦးသေဆုံးကာ ၃ ဦး ဒဏ်ရာရသွားတယ်လို့ မုံရွာမြို့နယ် ပြည်သူကာကွယ်ရေးတပ်ဖွဲ့ ဆီက သိရပါတယ်။ 

စက်တင်ဘာလ ၆ ရက် မနက် ၅ နာရီကျော်မှာ LPDF စခန်းကို စစ်ကောင်စီအင်အား ၈၀ ခန့်က ဝင်ရောက်စီးနင်းခဲ့တာဖြစ်ပြီး ရဲဘော်တွေကို အရှင်ဖမ်းမိပြီးမှ ပစ်သတ်သွားတာလို့ ဆိုပါတယ်။

"စကစ စစ်ကြောင်းက ညဘက် မိုးရွာနေတဲ့ အချိန်လောက်ကတည်းက သူတို့စခန်းနားကို ဖြည်းဖြည်းချင်း ကပ်လာတာ။ ဒီဘက်က မသိလိုက်ဘဲ မနက်အစောပိုင်းမှာ စီးနင်းခံလိုက်ရတာ" လို့ မုံရွာမြို့နယ် ပကဖ တာဝန်ရှိသူ က ပြောပါတယ်။

စခန်းမှာရှိတဲ့ ရဲဘော် ၇ ဦးစလုံးဟာ အရှင်ဖမ်းမိပြီးမှ ပစ်သတ်ခံရတာဖြစ်ပေမယ့် ဒေသကာကွယ်ရေး အဖွဲ့တွေ စခန်းကိုဝင်ရောက်ရှာဖွေချိန်မှာ ရဲဘော် ၃ ဦးဟာ နေရာမှာတင် သေဆုံးနေတာ တွေ့ရပြီး ကျန်ရဲဘော် ၄ ဦးကတော့ ပြင်းထန်ဒဏ်ရာတွေနဲ့ အသက်ရှင်နေသေးကာ ၁ ဦးကတော့ ကယ်ထုတ်ချိန်ကျမှ ထပ်မံသေဆုံးသွားတယ်လို့ ဆိုပါတယ်။ 

ကယ်ထုတ်လာတဲ့ ဒဏ်ရာပြင်းထန်ရ ရဲဘော် ၃ ဦးကိုတော့ လုံခြုံတဲ့နေရာမှာ ဆေးကုသမှု ပေးနေတယ်လို့ သိရပါတယ်။ 

စစ်ကောင်စီဘက်က ပစ်သတ်ခဲ့တဲ့ ရဲဘော်တွေဟာ အသက် ၂၀ မှ ၃၀ အရွယ်ကြားရှိ လူငယ်အမျိုးသားတွေ ဖြစ်ကြပါတယ်။

စခန်းစီးနင်းခံရချိန်မှာ လက်လုပ် သေနတ်၊ စိန်ပြောင်းတွေနဲ့ ဗုံးသီးတွေကို စစ်ကောင်စီဘက်က သိမ်းဆည်းသွားတယ်လို့ သိရပါတယ်။

ပြီးခဲ့တဲ့ မေလအတွင်းက ကနီမြို့နယ်၊ တွင်းကုန်းရွာက မုံရွာခရိုင် ပြည်သူ့ကာကွယ်ရေးတပ်မတော် Chindwin Attack Force တပ်ရင်း ၄၊  တပ်ခွဲ ၃ ရဲ့ နောက်တန်းစခန်း စီးနင်းခံရလို့ ကျပ်သိန်း ၄၀၀ ခန့်တန်ဖိုးရှိ ပစ္စည်းတွေ ဆုံးရှုံးသွားသေးတယ်လို့ သိရပါတယ်။

စာတည်း - လင်းဇေ

#မြေလတ်အသံ
#စစ်ကိုင်း #မုံရွာ #ကြေးမုံရွာ #LPDF #စစ်ကောင်စီ #စီးနင်း #သတင်း 

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10