မုံရွာရဲစခန်းထဲက နိုင်ကျဥ်းတွေကို ရဲတပ်ဖွဲ့ဝင်တွေက ငွေရပေါက်အဖြစ် အသုံးချနေ

မုံရွာရဲစခန်းထဲက နိုင်ကျဥ်းတွေကို ရဲတပ်ဖွဲ့ဝင်တွေက ငွေရပေါက်အဖြစ် အသုံးချနေ

စစ်ကိုင်းတိုင်း၊ မုံရွာမြို့မရဲစခန်းထဲမှာ နိုင်ငံရေးအမှုနဲ့ ဖမ်းဆီးခံထားရသူတွေကို ရဲဝန်ထမ်းတွေက လုံလောက်တဲ့ အစားအသောက်နဲ့ နေရာထိုင်ခင်းတွေမပေးဘဲ ငွေရပေါက်တခုအဖြစ် အသုံးချနေတယ်လို့ မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဥ်းသားများကွန်ရက် (PPNM)အဖွဲ့ဆီကနေ သိရပါတယ်။

မုံရွာမြို့၊ ရုံးကြီးရပ်ကွက်မှာရှိတဲ့ မြို့မရဲစခန်းမှာ နိုင်ငံရေးမှုနဲ့ လူပေါင်း ၁၅၀ ကနေ ၂၀၀ ဝန်းကျင်ကြား ဖမ်းဆီးခံထားရပြီး အဲ့ဒီလူတွေကို ပေ ၃၀ ဝန်းကျင်ရှိ အခန်း ၁ ခုထဲမှာ စုပေါင်းနေထိုင်ခိုင်းထားသလို ထမင်းကျွေးရင်လည်း ၁ နပ်ကို အထုပ်ရေ ၁၀၀ ဝန်းကျင်သာ ပေးတာကြောင့် အစားအသောက် လုံလောက်မှု မရှိဘူးလို့ ဆိုပါတယ်။

လူတန်းစေ့ လုံလောက်တဲ့  အစားအသောက် မရတာကြောင့် ငွေကြေးတတ်နိုင်သူတချို့က ရဲဝန်ထမ်း မိသားစုဝင်တွေရောင်းချတဲ့ ထမင်းနဲ့ဟင်းကို တလ ၂ သိန်း၊ ၃ သိန်း စသဖြင့် ဈေးပေးကာ ဝယ်စားနေရပြီး အဲ့ဒီထမင်းဆိုင်တွေရဲ့ တလရောင်းရငွေဟာ ကျပ်သိန်း ၂၀၀ နီးပါးထိ ရှိတယ်လို့ သိရပါတယ်။

"အဲ့လောက်များပြားတဲ့ အရေအတွက်ကို ဒီလိုအခန်းကျဥ်းလေးထဲမှာ ထားရှိထားတယ်ဆိုတာ ဆိုးဝါးလွန်းတဲ့ ဖိနှိပ်မှုဖြစ်တယ်။ ရုပ်ပိုင်းဆိုင်ရာအားဖြင့် ဒီလိုထားတာဟာ စိတ်ညစ်ညူးရတယ်။ ပွေးဝဲယားနာရောဂါတွေ ကူးစက်ဖို့ လွယ်ကူတယ်။ အစားအသောက် မလုံလောက်တဲ့အခါ အချုပ်သားတွေက လပေးစနစ်နဲ့ စားနေရတယ်။ အဲ့ဒီရောင်းချမှုတွေဟာလည်း ရဲမိသားစုဝင်တွေက စျေးကွက်ဖန်တီးပြီး ရောင်းချနေတာဖြစ်တယ်။" လို့ PPNM အဖွဲ့ရဲ့ ဦးဆောင်ကော်မတီဝင် ကိုသိုက်ထွန်းဦးက ပြောပါတယ်။

ဖမ်းဆီးထားတဲ့ နိုင်ငံရေးအကျဥ်းသား ရာဂဏန်းကျော်ကို အကျဥ်းထောင်ကိုမပို့ဘဲ အခုလို အချုပ်ခန်းထဲမှာပဲ ထားရှိတာဟာ အချုပ်သားတွေဆီကနေ ဝင်ငွေရနေတာကြောင့်ဖြစ်သလို တော်လှန်ရေးတပ်ဖွဲ့တွေက လာရောက်တိုက်ခိုက်ရင်လည်း လူသားဒိုင်းအဖြစ် အသုံးပြုလို့ရတာကြောင့် ထိန်းသိမ်းထားတာ ဖြစ်တယ်လို့ ကိုသိုက်ထွန်းဦးက သုံးသပ်ပြောဆိုပါတယ်။

ဒါ့အပြင် မြို့မရဲစခန်းမှူးဖြစ်တဲ့ ပြည့်လင်းအောင်နဲ့ သူရဲ့လက်အောက်ခံ ဂတ်စာရေး ချစ်ညိုညိုတို့ဟာ အချုပ်သားတွေကို အပြင်ခေါ်ထုတ်ပြီး သတ်ပစ်လို့ရတယ်ဆိုတဲ့ ခြိမ်းခြောက်စကားကို အမြဲပြောလေ့ရှိပြီး အချုပ်သားတွေအတွက် မိသားစုဝင်တွေကပို့တဲ့ ငွေကြေးနဲ့ ပစ္စည်းတွေကိုလည်း ကြားဖြတ်ယူထားတာတွေ လုပ်တယ်လို့ သိရပါတယ်။

တော်လှန်ရေးအင်အားစုတွေ၊ သပိတ်အင်အားစုတွေ၊ လူ့အခွင့်အရေးအဖွဲ့အစည်းတွေ၊ ပြည်သူလူထုတွေအနေနဲ့ အကျဉ်းထောင်နဲ့ အကျဉ်းဦးစီးဝန်ထမ်းတွေကို စောင့်ကြည့်ပြီး လက်တွေ့ကျတဲ့ ကူညီမှုတွေ၊ ထိရောက်တဲ့ အရေးယူမှုတွေ၊ လူမှုရေးပြစ်ဒဏ်ပေးတာတွေ လုပ်ဆောင်ပေးကြဖို့ မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဥ်းသားများ ကွန်ရက် (PPNM)အဖွဲ့က တိုက်တွန်းထားပါတယ်။

စစ်အာဏာသိမ်းချိန်ကနေ ၂၀၂၄ ဒီဇင်ဘာ ၁၈ ရက်အထိ အာဏာသိမ်းဖြစ်စဥ်နဲ့ပတ်သက်ပြီး ဖမ်းဆီးခံရသူ စုစုပေါင်း ၂၇,၉၂၉ ဦးရှီခဲ့ပြီး အဲ့ဒီထဲက ၂၁,၃၅၉ ဦးကတော့ ထိန်းသိမ်းခံနေရဆဲဖြစ်တယ်လို့ နိုင်ငံရေးအကျဥ်းသားများကူညီစောင့်ရှောက်ရေးအသင်း - AAPP က ထုတ်ပြန်ထားပါတယ်။

သတင်း - ခေတ်သဒ္ဒါ၊ စာတည်း - JCG

#မြေလတ်အသံ

#စစ်ကိုင်းတိုင်း #မုံရွာမြို့  #ရဲစခန်း #နိုင်ငံရေးအမှု #ရဲဝန်ထမ်း #PPNM 

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10